တချို့တွေက Vape သောက်တာဟာ စီးကရက်သောက်တာလောက် အန္တရာယ်မများဘူး ထင်နေကြပါတယ်။ တကယ်တော့ Vaping သမားတွေဟာ အသက်အန္တရာယ်များပါတယ်။ စွဲလမ်းလွန်ရင်လည်း ဖြတ်ရခက်ပါတယ်။ ရောဂါကာကွယ်ရေးနဲ့ ထိန်းချုပ်ရေး (CDC) ကတော့ EVALI (e-Cigarettes တွေ ၊ Vaping နဲ့ အလားတူအဆုတ်ကို ထိခိုက်စေနိုင်တဲ့ ထုတ်ကုန်တွေ) ကြောင့် အဆုတ်ရောဂါနဲ့ ဆက်စပ်တဲ့ဖြစ်စဉ်ပေါင်း ၃၀၀၀ နီးပါး တွေ့ရှိထားတယ်လို့ ဆိုပါတယ်။
Vape မှာ ပါတဲ့ အရည် (e-Juice) ထဲမှာ နီကိုတင်းအပြင် ဓါတုပစ္စည်းတွေနဲ့ ပြုပြင်ထားတဲ့ အနံ့တွေ ဒါဇင်နဲ့ချီပြီး ပါဝင်ပါတယ်။ ဆေးလိပ်လိုပဲ Vaping သောက်ရင် ဖြတ်ရခက်ပါတယ်။ ဒီဆောင်းပါးမှာ Vape သောက်တာ ဖြတ်လိုက်ရင် နာရီအပိုင်းအခြားအလိုက် သင့်ခန္ဓာကိုယ်မှာ ဘယ်လိုဖြစ်လာမယ်ဆိုတာ ပြောပြသွားမှာပါ။
(၁) နှလုံးခုန်နှုန်းပိုကောင်းလာမယ်

Photo: thehealthy
Vape မသောက်ဘဲ မိနစ် ၂၀ ခန့် ကြာရင် နှလုံးခုန်နှုန်းပုံမှန်ဖြစ်လာပြီး သွေးဖိအား ကျဆင်းလာပါမယ်။ ခဏနေရင် သွေးလည်ပတ်မှု မှန်လာပါလိမ့်မယ်။ အသက်ရှုရတာလည်း ပိုကောင်းလာနိုင်ပါတယ်။ တစ်ရက်ကြာရင် နှလုံးရောဂါ Heart Attack အန္တရာယ်အဖြစ်နည်းလာနိုင်ပါတယ်။ သွေးတွင်းအောက်ဆီဂျင် Level မြင့်တက်ပြီး သွေးကြောထုံးခြင်းနဲ့ ကိုလက်စထရော Level ဖြစ်နိုင်ခြေ လျော့ကျစေနိုင်တယ်လို့ ဆိုပါတယ်။ တစ်နှစ်ကြာလာရင် နှလုံးရောဂါဖြစ်မှုကို ထက်ဝက်လျှော့ချနိုင်မှာ ဖြစ်ပါတယ်။
(၂) နီကိုတင်းတွေ ပြယ်သွားမယ်

Photo: thehealthy
နီကိုတင်းက စွဲလမ်းစိတ်ဖြစ်စေတဲ့ ဓါတ်တစ်မျိုးပါ။ Vaping ဖြတ်ထားပြီး နာရီအနည်းငယ်ကြာသွားတဲ့နောက်မှာ နီကိုတင်းဓါတ်ပျက်ပြယ်သွားမယ်လို့ ဆိုပါတယ်။ နီကိုတင်းနဲ့ ဆက်စပ်နေတဲ့ စိတ်စွဲလမ်းမှုပြဿနာ ၊ အာရုံစိုက်ရခက်တာ ၊ ခေါင်းကိုက်တာ ၊ ချွေးထွက်လွန်တာ ၊ အိပ်မပျော်နိုင်ဖြစ်တာ ၊ လက်တွေခြေတွေ တုန်တုန်ရင်ရင်ဖြစ်တာ ၊ စားချင်စိတ်မြင့်တာ ၊ ဝမ်းဗိုက်ပိုင်း ကြွက်တက်တာ နဲ့ ဝမ်းချုပ်တာတွေလည်း အဖြစ်နည်းလာနိုင်ပါတယ်။ ဒါက Vaping ဖြတ်ပြီး ၄ နာရီကနေ ၂၄ နာရီအတွင်းမှာ သိသာလာနိုင်ပါတယ်။
(၃) အာရုံခံစနစ် တိုးတက်လာနိုင်တယ်

Photo: thehealthy
Vaping ဖြတ်လို့ နှစ်ရက်လောက် ကြာပြီးနောက် အနံ့နဲ့ အရသာခံစားနိုင်စွမ်း ပိုပြီး မြင့်မားလာတာကို ချက်ချင်းတွေ့ရှိလာမယ်လို့ ဆိုပါတယ်။ နီကိုတင်းဟာ ဦးနောက်တင် ထိခိုက်စေတာမဟုတ်ဘဲ သွေးတွင်းသကြားဓါတ်တွေပါ မြင့်တက်လာစေနိုင်ပါတယ်။ သုံးရက်ကြာပြီးတဲ့နောက်မှာ နီကိုတင်းဟာ ခန္ဓာကိုယ်ကနေ ထွက်သွားမှာ ဖြစ်ပါတယ်။ အဲ့ဒီအချိန်ကစပြီး လူသစ်တစ်ယောက်လို ပေါ့ပါးပြီး Moods တွေ တက်လာတာ ခံစားရမှာပါ။
(၄) အဆုတ်ကျန်းမာရေးပိုကောင်းလာမယ်

Photo: thehealthy
e-Cigarettes သောက်ခြင်းဟာ အဆုတ်ကျန်းမာရေးကို ဆိုးရွားစေနိုင်ပြီး ကူးစက်ရောဂါတိုက်ဖျက်ရာမှာ ခက်ခဲလာနိုင်ပါတယ်။ Vaping သောက်တာ ဖြတ်ပြီး တစ်လလောက် ကြာရင် အဆုတ်ဟာ ပြန်လည်သန်စွမ်းစ ပြုလာပါတယ်။ ချောင်းဆိုးတာ ၊ အသက်ရှုရခက်တာတွေ သိသိသာသာ လျော့ပါးသွားလာပါတယ်။ ကိုးလကြာပြီးရင် အဆုတ်ဟာ ကူးစက်ရောဂါနဲ့ ချွဲတွေ တိုက်ထုတ်နိုင်လာပါတယ်။ ဒီနည်းနဲ့ တုပ်ကွေးနဲ့ နမိုးနီးယားအဆုတ်ရောင်ရောဂါတွေ အဖြစ်နည်းလာစေပါတယ်။
(၅) သွေးလည်ပတ်မှု ပိုကောင်းလာမယ်

Photo: thehealthy
Vaping ဖြတ်ပြီး ၃ လကြာလာရင် သွေးကြောကျဉ်းရာကနေ ပုံမှန်အရွယ်အစားပြန်ရောက်လာစေနိုင်ပါတယ်။ ဒီနည်းနဲ့ သွေးလည်ပတ်မှု ပိုကောင်းလာမှာ ဖြစ်ပါတယ်။ ငါးနှစ်လောက် ကြာပြီးရင် သွေးတိုးလေဖြတ်မှု လျော့ကျသွားနိုင်ပါတယ်။ e-Cigarette သုံးသူတွေဟာ ဆေးလိပ်မသောက်သူတွေနဲ့ စာရင် သွေးတိုးလေဖြတ်နိုင်ခြေ ၇၁% အထိ များတယ်လို့ ဆိုပါတယ်။
Vaping မသောက်တာ ၅ နှစ်လောက် ကြာပြီးတဲ့နောက်မှာတော့ သွေးတိုးလေဖြတ်နိုင်ခြေ သိသိသာသာ ကျဆင်းသွားမှာ ဖြစ်ပါတယ်။ ဆယ်စုနှစ်တစ်ခုလောက် ကြာရင်တော့ ကင်ဆာအဖြစ်လည်း နည်းလာနိုင်တယ်လို့ ဆိုပါတယ်။
