အမျိုးသားဖြစ်ဖြစ် အမျိုးသမီးဖြစ်ဖြစ် ဝက်ခြံမထွက်ဖူးတဲ့သူရှိလားလို့ မေးရင် ဘယ်လိုမှမရှိနိုင်ပါဘူး။ လူပျို အပျိုဖော်ဝင်လာပြီဆိုတာနဲ့ ဝက်ခြံစထွက်လာပြီဖြစ်ကာ နည်းနည်းထွက်တဲ့သူနဲ့ အများကြီးထွက်တတ်တဲ့သူဆိုပြီးတော့သာ ကွာရင်ကွာနိုင်ပါလိမ့်မယ်။

အလှအပမက်မောသူတွေအတွက် စိတ်အနှောင့်အယှက်ဖြစ်ရတဲ့ ဝက်ခြံတွေကို အမြန်ဆုံးဖယ်ရှားနိုင်ဖို့အတွက် သို့မဟုတ် ကြိုတင်ကာကွယ်နိုင်ဖို့အတွက် လိုက်နာဆောင်ရွက်ရမယ့် အချက်ကလေးတွေ ပြောပြပေးချင်ပါတယ်။

စိတ်ငြိမ်ငြိမ်ထားပါ

Source: Body Language Central

စိတ်ဂဏာမငြိမ်ဘဲ လက်နဲ့ ဝက်ခြံကို သွားကိုင်တာ၊ သွားဖဲ့နေတာ၊ ကုတ်နေတာမျိုးတွေရှောင်ပါ။ မနေတတ်လို့ ယားလို့ ဆိုတဲ့ အကြောင်းပြချက်တွေကို နားလည်ပေမယ့် ဒီအပြုအမူတွေဟာ ဝက်ခြံကို ပိုမို ဆိုးရွားစေပြီး အမာရွတ်အကြီးကြီးတွေလည်း ကျန်နေစေပါလိမ့်မယ်။

မျက်နှာကို အစိုဓာတ်ဖြည့်ပါ

Source: The Manual

မျက်နှာပြင်ကို အမြဲတမ်း အစိုဓာတ်ဖြည့်တင်းပေးနေဖို့ လိုအပ်ပါတယ်။ အစိုဓာတ်အားဖြည့်ခရင်မ်ကို လိမ်းဖို့မမေ့ပါနဲ့။ မျက်နှာဟာ အစိုဓာတ်မရှိဘဲ ခြောက်သွေ့နေတဲ့အခါမျိုးမှာ ဝက်ခြံအမာရွတ်တွေကို ပိုပြီး ပေါ်လွင်စေတာကြောင့် အစိုဓာတ်ဖြည့်ပေးကြပါလို့ အထပ်ထပ်တိုက်တွန်းချင်ပါတယ်။

ရေသောက်ဖို့ မမေ့ပါနဲ့

Source: ThoughtCo

ရေကို တစ်နေ့ ဖန်ခွက် ၈ ခွက်လောက် သောက်သုံးပေးသင့်ပါတယ်။ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ရေဓာတ်အပြည့်ဖြည့်ပေးဖို့ လိုအပ်ပါတယ်။ ဒါမှ ကျန်းမာရေးလည်း ကောင်းမွန်မှာဖြစ်သလို ဝက်ခြံကင်းတဲ့ မျက်နှာကိုလည်း ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။

အဆီအဆိမ့်တွေကိုရှောင်ပါ

Source: Healthy Food House

ဝက်ခြံကင်းတဲ့ မျက်နှာဖြစ်ဖို့ဆိုရင် အဆီအဆိမ့်တွေကိုလည်း ရှောင်ကြဉ်ရမှာပါ။ နွားနို့၊ မလိုင် အစရှိတဲ့ နို့ နဲ့ နို့ထွက်ပစ္စည်းတွေကိုလည်း ရှောင်ရပါမယ်။ အဆီအဆိမ့် နဲ့ နို့ထွက်အစားအစာတွေကို ရန်သူလို သဘောထားပြီး တတ်နိုင်သမျှ ဝေးဝေးနေပါ။

မျက်နှာကို သေချာဆေးကြောသန့်စင်ပေးပါ

Source: MENSOPEDIA

တနေ့ကို အနည်းဆုံး ၃ ကြိမ်လောက်တော့ မျက်နှာကို သေချာဆေးကြောသန့်စင်သင့်ပါတယ်။ ဖုန်ထူထပ်တဲ့ နေရာတွေကို သွားလာနေရတဲ့သူတွေအတွက်တော့ Wet Tissue လေးတွေ ဆောင်ထားစေချင်ပါတယ်။ ဖုန်မှုန့်တွေကလည်း ဝက်ခြံကို ဖြစ်ပေါ်စေနိုင်တဲ့ အဓိကအကြောင်းရင်းပါပဲ။

ခေါင်းအုံးစွပ်တွေကိုလည်း လဲလှယ်ထားပါ

Source: Men’s Journal

မျက်နှာအပ်ပြီး အိပ်ခေါင်းအုံးစွပ်တွေကိုလည်း မှန်မှန်လဲလှယ်စေချင်ပါတယ်။ တစ်လကို နှစ်ကြိမ်လောက် လဲလှယ်ပေးခြင်းအားဖြင့် ဝက်ခြံတွေ ပေါက်ခြင်းကို ကာကွယ်ပေးနိုင်သလို ကျန်းမာရေးအတွက်လည်း အရမ်းအထောက်အကူပြုပါတယ်။