တစ်ယောက်တည်း ကော်ဖီဆိုင်ထိုင်ရင် အထီးကျန်နေတဲ့သူလို့ ထင်မြင်ခံရတဲ့ လူအဖွဲ့အစည်းရဲ့အမြင်တွေကြောင့် ပျော်ရွှင်မှုဆိုတာ ကိုယ်တိုင်ဖန်တီးလို့မရနိုင်ဘူးလို့ လူတွေထင်မိလာကြပါတယ်။ တကယ်တော့ မှားပါတယ်။ ယောကျာ်းလေးဖြစ်စေ မိန်းကလေးဖြစ်စေ တစ်ယောက် တည်းသီးသန့်နေထိုင်သင့်တဲ့ ကိုယ်ပိုင်အချိန်ဆိုတာ ရှိသင့်တာပဲမဟုတ်လား။ ပြီးတော့ သင်ကိုယ်တိုင် သင့်ရဲ့ပျော်ရွှင်မှုကို ဖန်တီးယူနိုင်တယ်ဆိုတာလည်း မမေ့လိုက်ပါနဲ့။ ဒီဆောင်းပါးလေးမှာတော့ သင်ကိုယ်တိုင်ပြုလုပ်နိုင်တဲ့ ပျော်စရာကောင်းတဲ့ အရာ (၄) ခုကို မျှဝေပေးချင်ပါတယ်။

(၁) အရသာရှိတာတွေ စားပါ

Source : Freepik

အရင်ဆုံး သင်အကြိုက်ဆုံးဆိုတဲ့ မုန့် သို့မဟုတ် အစားအစာ ၃ မျိုးကို စဉ်းစားကြည့်ပါ။ ဒီထဲကမှ သင်လက်တလော အစားချင်ဆုံးဖြစ်နေတဲ့ အစားအစာကို သွားစားလိုက်ပါ။ ဘယ်ဆိုင်မှာထိုင်မယ် ဘာစားမလဲဆိုတာကို တခြားသူတွေအကြိုက်နဲ့ လိုက်ညှိစရာမလိုပဲ သင့်စိတ်ကြိုက်စားချင်တာ တစ်ယောက်တည်းသွားစားကြည့်ပါ။ ပျော်စရာကောင်းပါလိမ့်မယ်။

(၂) ဆယ်လ်ဖီ ရိုက်ပါ

Source : Freepik

ဆယ်လ်ဖီရိုက်တဲ့အခါ အများစုက ကိုယ်ကိုယ်ကိုလှတယ်လို့ခံစားရတဲ့အထိ တစ်ပုံပြီးတစ်ပုံ ရိုက်ကြပါတယ်။ တကယ်တော့ ဆယ်လ်ဖီကိုပေါ့ပေါ့ပါးပါးနဲ့ ပျော်စရာကောင်းတဲ့ရုပ်ပြောင်ပုံလေးတွေ ပုံစံအမျိုးမျိုး ရှု့ထောင်အမျိုးမျိုးကနေ ရိုက်ကြည့်ပါ။ ပုံလေးတွေက သင်သတ်မှတ်ထားသလို လှတယ်ဆိုတဲ့ခံစားချက်မျိုး ရချင်မှရပါလိမ့်မယ်။ ဒါပေမယ့် သင်ရဲ့ချစ်စရာကောင်းတဲ့ ပင်ကိုယ်ပုံစံလေးနဲ့ သင်ရိုက်ထားတဲ့ ရယ်စရာပုံလေးတွေကြောင့် အနည်းဆုံးတော့ ပြုံးမိမှာအသေအချာပါပဲ။

(၃) ပန်းခြံမှာ စာအုပ်ဖတ်ပါ

Source : Freepik

ပန်းခြံထဲက မြက်ခင်းစိမ်းပေါ်မှာ သက်တောင့်သက်သာထိုင်ပြီး စာအုပ်ကောင်းတစ်အုပ်ဖတ်ဖူးပါသလား။ မဖတ်ဖူးသေးရင်တော့ သေချာပေါက်စမ်းကြည့်ဖို့ အကြံပြုချင်ပါတယ်။ ပန်းခြံမှာ စာဖတ်ရင် စာအုပ်ထဲအာရုံစိုက်နိုင်ပါ့မလားဆိုပြီးလည်း တွေးပြီးစိတ်မပူပါနဲ့။ အဓိက သင့်ရမှာက ပျော်ရွှင်ငြိမ်းချမ်းမှုနဲ့ မတူညီတဲ့အတွေ့အကြုံအသစ်တွေပဲ ဖြစ်ပါတယ်။

(၄) လမ်းလျောက်ပါ

Source : Freepik

ကျွန်တော်တို့တွေ ပုံမှန်အတိုင်းသွားလာကြတဲ့အခါ ကိုယ့်ရဲ့ဦးတည်ရာကိုပဲ စိတ်ထဲထားပြီး လျောက်ကြတာများပါတယ်။ ဒီတော့ လမ်းတစ်လျောက် ဘေးပတ်ဝန်းကျင်ကအရာတွေကို တော်ရုံသတိမထားမိပါဘူး။ ပျော်ရွှင်မှုကို ခံစားချင်တယ်ဆိုရင်တော့ လမ်းလျောက်တဲ့အခါ ဘေးပတ်ဝန်းကျင်ကအရာတွေကို သေချာခံစားပြီးလျောက်ကြည့်ပါ။

သစ်ပင်တွေ လူတွေ ဈေးဆိုင်တွေ မီးပွိုင့်တွေ စသည်ဖြင့် သင့်မျက်လုံးထဲမြင်သမျှအရာတွေက ပျော်ရွှင်ခြင်းရဲ့ အနုပညာပါပဲ။ ဘာနဲ့အလားသဏ္ဍာန်တူလဲဆိုရင် တခြားမြို့တစ်မြို့ကို သင်ပထမဆုံးအလည်ပတ်ခရီးသွားတဲ့အခါ မြင်မြင်သမျှက ထူးခြားပြီး ပျော်ဖို့ကောင်းနေတာမျိုးပါ။ ဒါဟာ ခံစားပြီးကြည့်တဲ့သင့်ရဲ့အမြင်ကြောင့် ဖြစ်ပါတယ်။