ကောင်းမွန်ကြံ့ခိုင်တဲ့ Body ဆိုတာ ဗလကြီးတွေ အယ်နေတဲ့ ခန္ဓာကိုယ်မျိုးကို ပြောတာ မဟုတ်ပါဘူး။ အဆီနည်းပြီး ထိုက်သင့်သလောက် ကြွက်သားရှိမယ်။ အရပ်အမောင်းနဲ့ လိုက်ဖက်တဲ့ မျှခြေကိုယ်အလေးချိန်ရှိနေမယ်။ သွက်လက်ပေါ့ပါးပြီး နေရထိုင်ရတာ အဆင်ပြေနေတယ်ဆိုတဲ့ ခန္ဓာကိုယ်မျိုးကပဲ ကျန်းမာရေးနဲ့ညီတဲ့ ကျန်းမာရေးတဲ့ Body Type လို့ ဆိုနိုင်ပါတယ်။
လူတော်တော်များများက အင်တာနက်ပေါ်က မောင်ဗမာကိုယ်လုံးကိုယ်ပေါက်မျိုး ပိုင်မှ အားကျစရာဘော်ဒီပိုင်ရှင်လို့ ထင်နေကြပါတယ်။ ဒါကို Broscience (ယောင်္ကျားတွေအကြား ကိုယ်လုံးကိုယ်ပေါက်ဆိုင်ရာ မက်ဆေ့ချ်အမှားတွေ) လို့ ဆိုကြပါတယ်။ ဒါမျိုးကို သိပ္ပံနည်းကျ ထောက်ခံထားတာမဟုတ်ဘဲ လူပြောသူပြောနဲ့ လက်ခံထားကြတဲ့ အယူအဆမျိုးသာ ဖြစ်ပါတယ်။ တကယ်ကျန်းမာတဲ့ ဘော်ဒီဆိုတာ အပေါ်မှာ ပြောခဲ့သလို အဆီအပိုအလျှံမရှိ ကြွက်သားကျစ်ကျစ်နဲ့ ပေါ့ပါးသွက်လက်မှုရှိတဲ့ ခန္ဓာကိုယ်အချိုးအစား ဖြစ်ပါတယ်။

Photo: Freepik
ဒီလို Lean Body Type ထွက်ဖို့အတွက် ထိုက်သင့်တဲ့ အာဟာရနဲ့ မျှတတဲ့ Strength Training ကစားပေးဖို့ လိုပါတယ်။ အထူးသဖြင့် အစားအသောက်ကတော့ နေ့စဉ်ကိစ္စဖြစ်လို့ ကျန်းမာကျစ်လျစ်အောင် ဘယ်လိုစားသောက်သင့်သလဲနဲ့ ပတ်သက်လို့ နည်းနည်းအကြံပေးချင်ပါတယ်။ အာဟာရနဲ့ စားသောက်မှုအလေ့အကျင့်တွေကောင်းရင် ခန္ဓာကိုယ်ကို လိုသလို ပုံသွင်းရာမှာ အများကြီး အထောက်အကူဖြစ်စေလို့ ဖြစ်ပါတယ်။
အစားအသောက် စားရာမှာ ကာဗွန်ဟိုက်ဒရိတ်နည်းပြီး ကျန်းမာတဲ့ အဆီဓါတ်နဲ့ မျှစားပေးဖို့ လိုပါတယ်။ ကာဗွန်ဟိုက်ဒရိတ်လျှော့စားခြင်းက ဝိတ်ချရာမှာ သိသိသာသာ အကျိုးများလို့ ဖြစ်ပါတယ်။ ကြွက်သားတက်ဖို့ဆိုရင် စားတဲ့ အစားအစာထဲမှာ ပရိုတိန်းဓါတ် များဖို့ လိုပါတယ်။ အရင်က အစားအသောက်ကို တစ်နေ့လုံးမှာ ၅ ကြိမ်ကနေ ၆ ကြိမ်စားဖို့ အကြံပြုကြတာတွေ ရှိခဲ့ပါတယ်။ ခန္ဓာကိုယ် ဇီဝကမ္မဖြစ်စဉ် တက်လာစေဖို့လို့ ဆိုပါတယ်။

Photo: Freepik
ဒါကို သုတေသနရလဒ်တွေက ငြင်းပါတယ်။ တစ်နေ့ကို ဘယ်နှစ်ကြိမ် စားသလဲဆိုတာက ဇီဝကမ္မဖြစ်စဉ်အတွက် အရေးမကြီးပါဘူး။ မှန်ကန်တဲ့ အစားအသောက် စားပေးဖို့ကပဲ အရာရောက်တာ ဖြစ်တယ်လို့ ဆိုပါတယ်။ တစ်ပတ်ကို တစ်ပေါင်နှုန်း ဝိတ်ကျဖို့ဆိုရင် နေ့စဉ် ကယ်လိုရီ စားသုံးမှုကို ၅၀၀ ကယ်လိုရီနှုန်းနဲ့ လျှော့ချထားဖို့ လိုပါတယ်။ ဖြည်းဖြည်းချင်း တစ်ရက်ကို ကယ်လိုရီစားသုံးမှုနှုန်းထဲက ကယ်လိုရီ ၁၀၀ လျှော့စားတာမျိုးနဲ့ လေ့ကျင့်နိုင်ပါတယ်။
ကြွက်သားတက်ဖို့ဆိုရင် ခန္ဓာကိုယ်ဟာ ပုံမှန် ကယ်လိုရီလိုအပ်ချက်ထက် တစ်ရက်ကို ကယ်လိုရီ ၂၀၀ ကနေ ၃၀၀ အကြား ပိုလိုအပ်ပါတယ်။ ကိုယ့်ရဲ့ Body အလိုက် ကယ်လိုရီ လိုအပ်ချက်ကို တွက်ချက်နိုင်တဲ့ Calorie Calculator တွေ အင်တာနက်ပေါ်မှာ ရှိပါတယ်။ အရပ်အမောင်း ကိုယ်အလေးချိန်နဲ့ အသက်ကို ထည့်ပေးလိုက်တာနဲ့ သူ့အတွက် ပုံမှန်ကယ်လိုရီ လိုအပ်ချက်ပမာဏကို တွက်နိုင်ပါတယ်။

Photo: Freepik
ကျစ်လျစ်ကျန်းမာတဲ့ ကိုယ်လုံးကိုယ်ပေါက် ထွက်ဖို့အတွက် Macronutrients လို့ခေါ်တဲ့ အာဟာရစုံအောင် စားပေးဖို့ လိုပါတယ်။ ပရိုတိန်း ၊ အဆီနဲ့ ကာဗွန်ဟိုက်ဒရိတ်ဖြစ်ပါတယ်။ အခြေခံ Diet အနေနဲ့ ပရိုတိန်း ၊ အသီးအရွက်နဲ့ အဆီစားပေပါ။ ကာဗွန်ဟိုက်ဒရိတ်ကို လျှော့စားပါ။ လတ်ဆတ်တဲ့ အစိမ်းရောင် အသီးအရွက်တွေနဲ့ ကန်စွန်းဥ ၊ ဆန်လုံးညို ၊ Oatmeal တွေဆီက ကာဗွန်ဟိုက်ဒရိတ်ဓါတ်ကို များများ စားပေးပါ။
ပရိုတိန်းအတွက် အနီရောင် အသား ၊ ကြက်သား ၊ ဥအမျိုးမျိုး ၊ ငါးတွေ စားပေးသင့်ပြီး အဆီအတွက် အိုမီဂါသရီး ငါးဆီ ၊ အစေ့အဆံ ၊ အုန်းဆီ နဲ့ သံလွင်ဆီတွေ စားပေးနိုင်ပါတယ်။ တစ်နေ့တာ ကယ်လိုရီစားသုံးမှုရဲ့ ၆၀% ကို ပရိုတိန်းက ရယူပြီး ကျန်တဲ့ ၂၀% စီကိုတော့ အဆီနဲ့ကာဗွန်ဟိုက်ဒရိတ်က ရယူစားသုံးမယ်ဆိုရင် ကျန်းမာကျစ်လျစ်တဲ့ ကိုယ်လုံးကိုယ်ပေါက် ပိုင်ဆိုင်ဖို့ ထိရောက်မှုရှိမှာဖြစ်ပါတယ်။
