အဒီဘာယို အကင်ဖန်ဝါဟာ ၎င်းရဲ့ သား၊ သမီး ၅ ယောက်ကို မထောက်ပံ့နိုင်မှာကို စိုးရိမ်နေတာကြောင့် နောက်ထပ်တစ်ရာသီ ဆက်ကစားဖို့အတွက် စဉ်းစားနေပါတယ်။
သားရဲတိရစ္ဆာန်ကြီးလို့ လူသိများတဲ့ ဝီကုမ့်ဘ်အသင်းရဲ့ လူသန်တိုက်စစ်မှူးကြီးဟာ မေလမှာ အသက် ၃၉ နှစ် ပြည့်တော့မှာဖြစ်ပြီး ဒူးဒဏ်ရာပြဿနာရဲ့ ဒုက္ခပေးခြင်းကို ခံနေရပေမယ့်လည်း အသက် ၄၀ ပြည့်တဲ့အထိ ကစားနိုင်ဖို့ မျှော်လင့်နေတာဖြစ်ပါတယ်။
အကင်ဖန်ဝါဟာ အသက် ၁၁ နှစ်အရွယ် အဂျာနီ၊ ၁၀ နှစ်အရွယ် ဂျေး၊ ၅ နှစ်အရွယ် ဂျေလန်၊ ၁၃ နှစ်အရွယ်သမီး ကာမီရာ၊ ၈ နှစ်အရွယ်သမီး ကာလီရာတို့ရဲ့ ဖခင်ဖြစ်ပြီး သား၊ သမီးတွေကို မကျွေးမွေးနိုင်မှာလောက် ကြောက်ရွံ့တာမျိုး မရှိတော့ဘူးလို့ ပြောကြားခဲ့ပါတယ်။

Photo: DailyMail
“ဒီအပတ် ကျွန်တော် စက်ဘီးနင်း လေ့ကျင့်ခန်းလုပ်နေရင်း အရာအားလုံးကို မေးခွန်းထုတ်ပြီး တွေးနေမိတာက ‘ဒါက ငါ့ကို ဒုက္ခပေးနေတယ်’ဆိုပြီး တွေးမိခဲ့ပေမယ့် အားလုံးက ဘဝမှာ ရည်ရွယ်ချက်ရှိကြမှာပါ”
“ကျွန်တော့်ရဲ့ ရည်ရွယ်ချက်က နာကျင်မှုအတားအဆီးတွေကို ကျော်လွှားနိုင်ဖို့ပါပဲ။ ဘာလို့လဲဆိုတော့ ကျွန်တော့် ကလေးတွေကို မကျွေးမွေးနိုင်မှာ၊ ဂရုစိုက်မပေးနိုင်မှာကို ကြောက်ရွံ့တဲ့စိတ်က လှုံ့ဆော်နေလို့ပါ”
“ကျွန်တော် ထီသာ ပေါက်ခဲ့ရင် ကျွန်တော် ကမ်းခြေတစ်နေရာရာမှာ ထိုင်ကောင်း ထိုင်နေမိမှာပါ။ ဒါပေမယ့် ကျွန်တော် လုပ်နေတာကို ဆက်လုပ်နေရမှာပါ။ ခင်ဗျား ပရော်ဖက်ရှင်နယ် ဘောလုံးပွဲကို နှစ်အနည်းငယ်လောက် ကစားခဲ့ဖူးတာနဲ့ ငွေရွှင်တယ်ဆိုတဲ့ အတွေးအမြင်တွေ ရှိပါတယ်။ ဒါပေမယ့် ခင်ဗျား တကယ် ငွေမရွှင်ပါဘူး”

Photo: Daily Mail
“ကြီးမားတဲ့ပိုက်ဆံရဲ့ ရာခိုင်နှုန်းနည်းနည်းလေးပဲ ရှာဖွေနိုင်ပြီး အသက် ၃၅ နှစ်ပြည့်တာနဲ့ ပိုနိမ့်တဲ့လိဂ်မှာ ကစားရတယ်ဆိုပေမယ့်လည်း ပုံမှန်အားဖြင့် ကာလတို စာချုပ်နဲ့ပါပဲ။ ကျွန်တော် ပွဲကစားပြီးတိုင်း ဒူးကို သိုင်းကြိုးချည်ရပြီး ကျွန်တော် ကစားပြီး နောက်တစ်နေ့မနက်မိုးလင်းလို့ နိုးလာရင် ငါ အနားယူရတော့မယ်လို့ တွေးမိတဲ့အချိန်တွေ အများကြီးပါ”
“ကျွန်တော် အသက် ၄၀ အထိ ကစားချင်တယ်။ နောက်ထပ်တစ်ရာသီလောက် ဆက်ကစားမယ်လို့ ဆိုလိုချင်တာပါ။ ဒါပေမယ့် ဒီရာသီကုန်မှာ ခံစားရတာက ကျွန်တော့်ရဲ့ ဆုံးဖြတ်ချက်အတွက် အဆုံးအဖြတ် ဖြစ်လာပါလိမ့်မယ်”လို့ ပြောကြားခဲ့ပါတယ်။ အကင်ဖန်ဝါဟာ ယခုရာသီမှာ ဝီကုမ့်ဘ်အသင်းအတွက် ပွဲ ၂၀ ပါဝင်ကစားပေးခဲ့ရာမှာ ဂိုးမသွင်းယူနိုင်သေးသူဖြစ်ပြီး ပထမဆုံးအကြိမ် ချန်ပီယံရှစ်အဆင့်မှာ ကစားရတဲ့ ရာသီလည်း ဖြစ်ပါတယ်။
