Hypercars ဆိုတာ တော်ရုံချမ်းသာကြွယ်ဝရုံနဲ့ အနားမကပ်နိုင်အောင် ဈေးကြီးတဲ့ ဇိမ်ခံကားတွေလို့ သိကြပါလိမ့်မယ်။ အလင်းတမျှ မြန်ဆန်တဲ့ Speed ၊ မြင်သူတိုင်း ရပ်ပြီး ငေးရလောက်တဲ့ ဒီဇိုင်း ၊ အကောင်းတကာ့အကောင်းဆုံး ပစ္စည်းအစိတ်အပိုင်းတွေနဲ့ နည်းပညာတွေအပြင် ဂုဏ်ယူစရာအကောင်းဆုံး ဖန်တီးမှုတွေကြောင့်ပဲ ဒီကားတွေက ဈေးမြောက်ကြတာ ဖြစ်ပါတယ်။ ဒီလို ဈေးကြီးပါတယ်ဆိုတဲ့ Hypercars တွေထဲကမှ ဒီနှစ်ထဲမှာ ဈေးအမြောက်ဆုံးကားတွေက ဘယ်ကားတွေဖြစ်မလဲ ကြည့်လိုက်ရအောင်ပါ။

(၅) Bugatti Divo (ဒေါ်လာ ၆ သန်း)

Photo: luxe digital

Bugatti ဆိုရင် ကမ္ဘာပေါ်မှာ ဈေးအကြီးဆုံး Supercars တွေ ထုတ်လုပ်နေတဲ့ Luxury ကားကုမ္ပဏီတွေထဲက တစ်ခုအဖြစ် လူသိများကြပါတယ်။ Bugatti ထဲကမှ 2021 Divo ဟာ ရင်သစ်ရှုမောဖွယ်အကောင်းဆုံးကားတစ်စီးလို့ ဆိုနိုင်ပါတယ်။ Divo ကားအစီး ၄၀ ပဲ ထုတ်လုပ်ရောင်းချခဲ့ကြတာပါ။ Divo 8.0L W-16 အင်ဂျင်နဲ့ Turbochargers ၄ လုံး တပ်ထားပါတယ်။ မြင်းကောင်ရေအား ၁၅၀၀ ပါရှိပြီး ၂.၄ စက္ကန့်အတွင်း ၀ မိုင်ကနေ ၆၂ မိုင်နှုန်း အရှိန်တင်နိုင်ပါတယ်။

(၄) Bugatti Centodieci (ဒေါ်လာ ၉ သန်း)

Photo: luxe digital

အပေါ်မှာ ပြောခဲ့သလိုပါပဲ။ ကမ္ဘာ့ဈေးအကြီးဆုံး Supercars တွေထဲမှာ Bugatti မော်ဒယ်တွေ ပါတာ အံ့ဩစရာတော့ မဟုတ်ပါဘူး။ Bugatti Centodieci 2021 ကလည်း ၁၀ စင်းပဲ ထုတ်ထားပါတယ်။ အကုန်လုံးလည်း ရောင်းပြီးသွားပါပြီ။ မြင်းကောင်ရေ ၁၅၇၇ Quad Turbo W-16 အင်ဂျင်နဲ့လာပါတယ်။ အမြန်ဆုံး Bugatti ကားမဟုတ်ပေမယ့် အမြန်ဆုံး အရှိန်တင်နိုင်တဲ့ ကားဖြစ်ပါတယ်။ Top Speed က တစ်နာရီ ၂၃၆ မိုင် ရှိပါတယ်။

(၃) Pagani Zonda HP Barchetta (ဒေါ်လာ ၁၇.၆ သန်း)

Photo: luxe digital

Zonda ဟာ အီတလီ Sports ကားကုမ္ပဏီ Pagani Automobili က ထုတ်တဲ့ ပထမဆုံးကားဖြစ်ပါတယ်။ Zond ကနေ Special Edition တွေ အများကြီး ထွက်ပါတယ်။ Zonda HP Barchetta ရဲ့ ဈေးဟာ ဒေါ်လာ ၁၇ သန်းကျော် ရှိပါတယ်။ ဈေးကြီးလွန်းလို့ ကား ၃ စီးပဲ ထုတ်ပါတယ်။ ၃.၄ စက္ကန့်အတွင်း ၀ မိုင်ကနေ တစ်နာရီ မိုင် ၆၀ နှုန်း အရှိန်တင်နိုင်ပါတယ်။ အမြန်ဆုံး Top Speed က တစ်နာရီ မိုင် ၂၂၀ ဖြစ်ပါတယ်။

(၂) Bugatti La Voiture Noire ( ဒေါ်လာ ၁၈.၇ သန်း)

Photo: luxe digital

La Voiture Noire ဟာ တစ်စီးလုံး အနက်ရောင်ပြောင်နေတဲ့ ဒီဇိုင်း နဲ့လာပြီး ကာဗွန်ဖိုက်ဘာခွံကို လူကိုယ်တိုင် လက်နဲ့ဖန်တီးထားတယ်လို့ ဆိုပါတယ်။ မြင်းကောင်ရေ ၁၅၀၀ Quad Turbo W 16 8.10L အင်ဂျင်နဲ့လာပါတယ်။ ၂.၄ စက္ကန့်အတွင်း ၀ မိုင်ကနေ မိုင် ၆၀ နှုန်း အရှိန်တင်နိုင်ပါတယ်။ Top Speed တစ်နာရီ မိုင် ၂၆၀ အထိ ရှိပြီး ကမ္ဘာ့အမြန်ဆုံးကားတစ်စင်းအဖြစ်လည်း သတ်မှတ်ထားပါတယ်။

(၁) 1963 Ferrari 250 GTO (ဒေါ်လာသန်း ၇၀)

Photo: luxe digital

ဒီကားကတော့ သမိုင်းတစ်လျှောက်ဈေးအကြီးဆုံး Hypercars ဖြစ်ပါတယ်။ ၁၉၆၄ ခုနှစ်က 250 GTO ဟာ Tour de France Automobile မှာ အနိုင်ရခဲ့ပါတယ်။ Ferrari ရဲ့၉ ကြိမ်မြောက် အနိုင်ရတဲ့နှစ် ဖြစ်ပါတယ်။ ၁၉၆၂ နဲ့ ၁၉၆၃ အကြားမှာ 250 GTO ၃၆ စင်းပဲ ထုတ်ပါတယ်။ ရှေးက ထုတ်ထားတဲ့ Hypercars ဖြစ်လို့ Top Speed ၁၇၄ မိုင်ပဲ ရှိပြီး ၆.၁ စက္ကန့်အတွင်း မိုင် ၆၀ နှုန်းပဲ အရှိန်တင်နိုင်မှာပါ။ ၁၉၆၀ ပြည့်လွန်နှစ်တွေကတော့ အမြန်ဆုံးကားပါပဲ။အခုတော့လည်း ကမ္ဘာ့ဈေးအကြီးဆုံး ကားဖြစ်နေပါတယ်။