ချဲလ်ဆီးတောင်ပံကြယ်ပွင့် ဟတ်ဒ်ဆန်အိုဒွိုင်းက ဗုဒ္ဓဟူးနေ့ညနေက ဝုဗ်နဲ့ ဂိုးမရှိသရေကျခဲ့တဲ့ပွဲစဉ်အပြီးမှာ နည်းပြသစ် သောမတ်စ် တူဟယ်ဟာ ၎င်းကို ပိုပြီး တိုက်ရိုက် ညွှန်ကြားမှုတွေ ပြုလုပ်နိုင်ခဲ့တယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
ပီအက်စ်ဂျီနည်းပြဟောင်း သောမတ်စ် တူဟယ်ဟာ စတန်းဖို့ဒ်ဘရစ်ဂျ်မှာ ကစားခဲ့တဲ့ ဝုဗ်အသင်းနဲ့ပွဲစဉ်မှာ ပထမဆုံးပွဲစဉ်အတွက် တာဝန်ယူ ကိုင်တွယ်ခဲ့တာဖြစ်ပြီး ချဲလ်ဆီးအသင်းက ဘောလုံးပိုင်ဆိုင်မှု အသာစီးရယူထားနိုင်ခဲ့ပေမယ့် မာကျောတဲ့ ဝုဗ်နောက်တန်းကို မထိုးဖောက်နိုင်ခဲ့တာဖြစ်ပါတယ်။ ယခုအပတ်အစောပိုင်းမှာ နည်းပြ ဖရန့်လမ်းပတ် ရာထူးကနေ ထုတ်ပယ်ခံခဲ့ရပြီးနောက် နည်းပြသစ် တူဟယ်ဟာ အသင်းရဲ့ ကစားကွက်ကို ပြောင်းလဲဖို့် ရွေးချယ်ခဲ့ပြီး ခံစစ် ၃ ဦးကစားကွက်နဲ့အတူ ဟတ်ဒ်ဆန်အိုဒွိုင်းကို ညာတောင်ပံမှာ ညာနောက်ခံတောင်ပံကစားသမားအဖြစ် နေရာချထားခဲ့တာ ဖြစ်ပါတယ်။

Photo: Metro
အသက် ၂၀ အရွယ် တောင်ပံကစားသမားဟာ ယခုရာသီ နည်းပြလမ်းပတ် လက်ထက်မှာ ပရီးမီးယားလိဂ် ၃ ပွဲသာ ပွဲထွက်ပါဝင်ကစားခွင့်ရရှိခဲ့သူဖြစ်ပြီး နည်းပြသစ်သောမတ်စ် တူဟယ်ရဲ့ ပထမဆုံးပွဲစဉ်ဖြစ်တဲ့ ဝုဗ်နဲ့ ပွဲစဉ်မှာတော့ အထင်ကြီးဖွယ်စွမ်းဆောင်ရည်ကို ပြသခဲ့တာဖြစ်ပါတယ်။ ဟတ်ဒ်ဆန် အိုဒွိုင်းက တူဟယ်ဟာ ချဲလ်ဆီးကစားသမားတွေရဲ့ မတူညီတဲ့ တိုက်စစ်ဆင်တဲ့နည်းတွေအပေါ်မှာ အထူးအလေးထား နေရာချထားခဲ့ပြီးသားဖြစ်တယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
“ကျွန်တော့်အတွက် သူက ကျွန်တော့်ကို တတ်နိုင်သလောက် များများ ပြေးလွှားစေချင်ပြီး နောက်ခံကစားသမားတွေနဲ့ ခံစစ်မှူးတွေနဲ့ တတ်နိုင်သလောက် တွဲကစားစေချင်တယ်”
“တိုက်စစ်ကစားသမားတွေအားလုံးဟာ ဂိုးသွင်းယူနိုင်ပြီး ဂိုးဖန်တီးနိုင်တယ်ဆိုတာ သူသိနေတယ်လို့ ကျွန်တော် ခံစားနေရပြီး ကျွန်တော်တို့အားလုံးကို ဂိုးတွေသွင်းယူဖို့နဲ့ ဂိုးဖန်တီးပေးနိုင်အောင် ကြိုးစားဖို့ သူက ပြေးလွှားပြီး တွန်းတွန်းတိုက်တိုက် ကစားစေချင်တယ်”

Photo: Sports Mole
“ဒါပေမယ့် ကျွန်တော့်အတွက်ကတော့ သူက ကျွန်တော့်ကို ပြောခဲ့တာက ဒီစည်းအတိုင်းပဲ တက်လိုက်၊ ဆင်းလိုက် ဘယ်မှ ဦးတည်ချက်မပြောင်းဘဲ မြန်နိုင်သမျှ မြန်မြန်နဲ့ တတ်နိုင်သမျှ တောင်ပံဖြန့်ထားဖို့ ပြောခဲ့ပါတယ်”
“အဲဒါက ဒီနေ့မှာ ကောင်းကောင်းအလုပ်ဖြစ်ခဲ့ပေမယ့် ကျွန်တော်တို့ လိုချင်တဲ့ရလဒ် မရရှိခဲ့တာကတော့ ကံဆိုးပါတယ်”လို့ ပြောကြားခဲ့ပါတယ်။
