ကိုယ်အလေးချိန်တက်ဖို့ ကယ်လိုရီများများစားခြင်းနဲ့ လေ့ကျင့်ခန်းလုပ်ခြင်းက အရေကြီးတဲ့ အချက် (၂) ခုဖြစ်ပါတယ်။ ဒါထက်ပိုပြီး ကျန်းကျန်းမာမာနဲ့ လျင်လျင်မြန်မြန် ကိုယ်အလေးချိန်တက်ဖို့ဆိုရင် နည်းဗျူဟာ တချို့ကိုလိုက်နာဖို့လိုပါလိမ့်မယ်။ ဒီနေ့တော့ ကိုယ်အလေးချိန်တက်ချင်သူတွေလိုက်နာသင့်တဲ့ အချက် (၁၀) ချက်ကိုပြောပြပေးချင်ပါတယ်။

Source : Men’s Health

(၁) အစားမစားခင် ရေမသောက်ပါနဲ့။ ရေက သင့်အစာအိမ်ကိုပြည့်တင်းစေပြီး ကယ်လိုရီအလုံအလောက်စားသုံးဖို့ ခက်ခဲသွားစေနိုင်ပါတယ်။

(၂) မကြာခဏ စားပေးပါ။ နေ့စဉ် မနက်စာ နေ့လည်စာ ညစာကိုအချိန်မှန်စားဖို့လိုအပ်ပြီး အဓိက တစ်ရက်ကို ထမင်း ၃ နပ်စားပေးရမယ့်အပြင် သင်ဗိုက်ဆာတဲ့အချိန်တိုင်းမှာလည်း ထမင်း သို့မဟုတ် အဆာပြေစားစရာတွေကို စားပေးဖို့လိုပါမယ်။

(၃) နွားနို့သောက်ပေးပါ။ နွားနို့မှာ မြင့်မားတဲ့ ပရိုတင်းဓာတ်နဲ့ ကယ်လိုရီများစွာပါဝင်တာကြောင့် ဝိတ်တက်ချင်သူတွေ မဖြစ်မနေသောက်သုံးပေးသင့်ပါတယ်။

(၄) Protein Shake သောက်ပါ။ ကိုယ်အလေးချိန်တက်ချင်သူတွေနဲ့ Body Builder စွဲစွဲမြဲမြဲသောက်လေ့ရှိတဲ့ Protein Shake မှာ ကယ်လိုရီ ၊ carbs ၊ ပရိုတင်းဓာတ်များပါဝင်တဲ့အတွက် ဘော်ဒီဝိတ်တက်စေဖို့ အထောက်အပံ့ဖြစ်စေပါတယ်။

(၅) ပန်းကန်ပြားဆိုဒ်ကို ပိုကြီးတာသုံးပါ။ အစားစားတဲ့အခါ များများစားဖို့ နဲ့ ကယ်လိုရီများများ စားမိဖို့ဆိုရင် အရွယ်အစားကြီးတဲ့ ပန်းကန်ပြားတွေနဲ့ စားသင့်ပါတယ်။ ပန်းကန်သေးသေးလေးတွေက အစားကိုလျော့စားမိစေတဲ့အတွက် ဝိတ်တက်ချင်သူတွေဟာ ပန်းကန်ပြားဆိုဒ်ကြီးတာကိုရွေးရမှာပါ။

(၆) သင်ဟာကော်ဖီသောက်သူတစ်ယောက်လား။ ဒါဆိုရင်တော့ သင့်ကော်ဖီထဲကို ခရင်မ်များများထည့်သောက်လိုက်ပါ။ ခရင်မ်က ကယ်လိုရီများများရစေတဲ့ ရိုးရှင်းတဲ့နည်းလမ်းတစ်ခုပါပဲ။

(၇) လေ့ကျင့်ခန်းလုပ်ဖို့မပျင်းပါနဲ့။ ကျန်းကျန်းမာမာဝိတ်တက်ဖို့နဲ့ ကြွက်သားထုထည်တက်လာဖို့ ဆိုရင် လေ့ကျင့်ခန်းကလည်း မပါမဖြစ်ပါပဲ။ ကိုယ်လိုချင်တဲ့ ဘော်ဒီဝိတ်ရဖို့ တက်ကျွမ်းတဲ့ နည်းပြနဲ့သေချာတိုင်ပင်ပြီး လေ့ကျင့်ခန်းတွေကို ပုံမှန်လေးလုပ်သွားပါ။

Source : Men’s Health

(၈) အသားနဲ့ အသီးအရွက်တွေကို စားတဲ့အခါ ပရိုတင်းဓာတ်ပါတဲ့အသားတွေကိုအရင်ဆုံးစားပေးပါ။ ပြီးမှသာ ဟင်းသီးဟင်းရွက်ကို စားပါ။ အကယ်၍ သင့်ရဲ့ထမင်းပန်းကန်မှာ အသားနဲ့အသီးအရွက်ရောထွေးနေတယ်ဆိုရင်လည်း အသားနဲ့ ကယ်လိုရီများတဲ့စားစရာတွေကိုရွေးစားပြီးမှ အသီးအရွက်တွေကိုစားပေးပါ။

(၉) ဆေးလိပ်မသောက်ပါနဲ့။ ဆေးလိပ်သောက်သူတွေဟာ ဆေးလိပ်မသောက်သူတွေထက် ကိုယ်အလေးချိန်နည်းကြပါတယ်။ သင်ဟာ ဆေးလိပ်သောက်သူတစ်ယောက်ဆိုရင် ဝိတ်တင်တဲ့အချိန်က စပြီး ဆေးလိပ်ဖြတ်လိုက်ဖို့ အကြံပြုချင်ပါတယ်။

(၁၀) အိပ်ရေးဝဝအိပ်ပေးပါ။ ကောင်းမွန်တဲ့အိပ်စက်ချိန်ရှိခြင်းက ကြွက်သားကြီးထွားမှုအတွက် အထောက်အပံ့ဖြစ်စေတာကြောင့် ဝိတ်တင်နေချိန်ကာလအတွင်းမှာ ကောင်းကောင်းအိပ်ဖို့လိုပါတယ်။