မိမိလုပ်ကိုင်နေတဲ့ အလုပ်ခွင်နဲ့ ထပ်တူကျပျော်ရွှင်ရဖို့ ဆိုတာ သိပ်တော့မလွယ်ပါဘူး။ဘာ ကြောင့်လဲဆိုရင် လူတော်တော်များများက မိမိတို့ဝါသနာပါရာ စိတ်အားထက်သန်ရာအလုပ်အကိုင်မျိုးထက် ဘဝအခြေအနေအရမဖြစ်မနေလုပ်ကိုင်ရတဲ့ အလုပ်မျိုးကိုသာရွေးချယ်ကြရတာများပါတယ်။
အရိုးရှင်းဆုံး ပြောရရင်ဖြစ်ချင်တာထက်ဖြစ်သင့်ကိုလုပ်ကိုင်ကြရတာမျိုးပါ။ ဒီလိုအခြေအနေမျိုးမှာ မပျော်ရွှင်ရတာတွေ စိတ်ဓာတ်ကျရတာတွေအများကြီး ကြုံတွေ့ခံစားရနိုင်ပါတယ်။ဒါပေမယ့်သင့် အနေနဲ့ မိမိလုပ်ကိုင်နေတဲ့အလုပ်ခွင်မှာပျော်ချင်ရင်တော့ ဒီအချက်တွေကိုလုပ်ဆောင်ကြည့်ဖို့အကြံပေးချင်ပါတယ်။
(၁) လုပ်ဖော်ကိုင်ဖက်တွေနဲ့ အဆင်ပြေအောင်နေပါ
Source : Shutterstock
အလုပ်ခွင်တော်တော်များများမှာ လုပ်ဖော်ကိုင်ဖက်တွေနဲ့ အဆင်မပြေလို့ အလုပ်ထွက်သွားကြတဲ့ ဝန်ထမ်းတွေများစွာရှိပါတယ်။နေ့စဉ်ကိုယ်နဲ့အလုပ်တွဲလုပ်နေရတဲ့ လုပ်ဖော်ကိုင်ဖက် အချင်းချင်းအဆင်မပြေရင် ဒီအလုပ်ခွင်ကလည်းဘယ်လိုမှပျော်ရွှင်နိုင်မှာမဟုတ်ပါဘူး။ဒါကြောင့်အတက်နိုင်ဆုံးကိုယ်ရဲ့ ပေါင်းသင်းဆက်ဆံရေးစွမ်းရည်ကိုမြှင့်တင်ပြီး လုပ်ဖော်ကိုင်ဖက်တွေနဲ့ အဆင်ပြေအောင်နေပါ။ပျော်ရွှင်တဲ့အလုပ်ခွင်တစ်ခု ရရှိလာပါလိမ့်မယ်။
(၂) ရည်မှန်းချက်ထားပါ
Source : Shutterstock
လူတိုင်းလူတိုင်းမှာ ဘဝရည်မှန်းချက်ဆိုတာ ရှိကြပါတယ်။ဒီလိုပါပဲ ကိုယ်ရဲ့ အလုပ်နဲ့ ပတ်သတ်ပြီး ရည်မှန်းချက်ကြီးကြီး တစ်ခုထားဖို့လိုပါတယ်။ကိုယ့်အနေနဲ့ ခုချိန်ကစပြီး နောက်ဘယ်နှစ်လ(သို့မဟုတ်)ဘယ်နှစ်နှစ်အတွင်း မန်နေဂျာရာထူးရအောင်လုပ်မယ် လစာဘယ်လောက်ရအောင်လုပ် မယ်စသည့်ဖြင့်ရည်မှန်းချက်တစ်ခုထားပြီးလုပ်ဆောင်ပါ။ရည်မှန်းချက်နဲ့ အလုပ်လုပ်ချင်းက သင့်ရဲ့ ဘဝကိုပိုပြီးအဓိပ္ပါယ်ပြည့်ဝစေမှာဖြစ်သလို ကြိုးစားချင်စိတ်တွေ ပျော်ရွှင်မှုတွေကိုလည်းရရှိလာမှာဖြစ်ပါတယ်။
(၃) ကိုယ့်ကိုယ်ကိုဂုဏ်ပြုပါ
Source : Shutterstock
ဝန်ထမ်းအများစုကကိုယ့်ရဲ့ ကြိုးစားအားထုတ်မှုနဲ့ ပတ်သတ်ပြီးအထက်အရာရှိတွေသူဋ္ဌေး တွေရဲ့ ချီးကျူးဂုဏ်ပြုခြင်းကိုပဲလိုချင်ကြတာများပါတယ်။အရေးကြီးဆုံးအချက်ကိုတော့ မေ့လျော့ထားကြတာပါ။အဲ့ဒါကဘာလဲဆိုရင် ကိုယ့်ကိုယ်ကို ဂုဏ်ပြုခြင်းပါ။ကိုယ့်ရဲ့ ကြိုးစားမှုကို ဘယ်သူမှမသိမှတ်မပြုရင်တောင် ကိုယ့်ကိုယ်ကိုအသိမှတ်ပြုလို့ရပါတယ် ဂုဏ်ပြုလို့ ရပါတယ်။တစ်လအတွင်းကိုယ်ဘာတွေကြိုးစားခဲ့လဲ ဘယ်လောက်ကြိုးစားခဲ့လဲအပေါ်မူတည်ပြီး ထိုက်တန်တဲ့ဂုဏ်ပြုမှုတစ်ခုပြန်လုပ်ပေးသင့်ပါတယ်။ဥပမာ အရမ်းလိုချင်နေတဲ့နာရီတစ်လုံးဝယ်လိုက်တာမျိုး ဖိနပ်တစ်ရံဝယ်လိုက်တာမျိုးစသည်ဖြင့်ကိုယ်လိုချင်တဲ့အရာတစ်ခုခုနဲ့ ကိုယ့်ကိုယ်ကိုဂုဏ်ပြုပါ။ကိုယ့်ရဲ့ ပျော်ရွှင်မှုက ကိုယ့်အပေါ်မှာပဲရှိတာ ဖြစ်ပါတယ်။



