ဒီဘက်ခေတ်မှာ Freelance အလုပ်တွေ အရင်ကထက်သိသိသာသာ ပိုမိုတွင်ကျယ်လာပြီး Freelance နယ်ပယ်ထဲကို လူငယ်အများစုလည်း စိတ်ဝင်တစားဝင်ရောက် လုပ်ကိုင်လာကြပါတယ်။ Freelancer ဆိုတာကတော့ ကိုယ်တက်ကျွမ်းတဲ့ပညာနဲ့ ဝင်လမ်းကြောင်းတစ်ခုဖန်တီးနေတဲ့ အလွတ်တန်းပညာရှင်တွေပါ။
တချို့က Freelance အနေနဲ့ အလုပ်လုပ်တာဟာ အတည်တကျအလုပ်တစ်ခုမရသူတွေ လုပ်ကိုင်ကြတယ်လို့ ထင်မိနေတက်ကြပါတယ်။ ဒီနေ့ပြောပြမယ့်အချက်တွေကို ကြည့်မယ်ဆိုရင် လူငယ်တချို့ဘာကြောင့် အမြဲတမ်းဝန်ထမ်းမလုပ်ပဲ Freelance အလုပ်ကို ရွေးချယ်ကြတာလဲဆိုတာ ကွဲကွဲပြားပြားသိသွားမယ့်လို့ မျှော်လင့်ပါတယ်။
(၁) လွတ်လပ်မှု

Source : Futurist.com
Freelance အလုပ်ဟာ ပုံမှန်ရုံးသမားတွေထက် လွတ်လွတ်လပ်လပ်ပိုရှိတယ်ဆိုတာ သိသာတဲ့အချက်တစ်ခုပါ။ Freelancer တွေအနေနဲ့ အလုပ်ရှင်နဲ့ စာချုပ်ချုပ်ထားမျိုးတွေလည်းမရှိတဲ့အတွက် အလုပ်အခြေအနေက ကိုယ်နဲ့ အဆင်မပြေဘူး ဒါမဟုတ် ပိုကောင်းတဲ့အခွင့်အလမ်းရှိတဲ့ အလုပ်တစ်ခုရခဲ့မယ်ဆိုရင် အချိန်မရွေး လက်ရှိအလုပ်ကနေ ထွက်ခွင့်ရှိပါတယ်။
(၂) အလုပ်အချိန်

Source : Silver Peak Blog
Freelancer တစ်ယောက်အတွက် အလုပ်ချိန်ဆိုတာ ပုံမှန်မရှိပါဘူး။ ကိုယ်အဆင်ပြေတဲ့အချိန်ကို စိတ်ကြိုက်သတ်မှတ်ပြီး အလုပ်လုပ်နိုင်ပါတယ်။ အဓိကအားဖြင့် ကိုယ်တာဝန်ယူထားရတဲ့အပိုင်းကို deadline အမှီလုပ်ပေးနိုင်ဖို့ပါပဲ။ အလုပ်တာဝန်တွေနဲ့အချိန်ကို သေချာစီမံခန့်ခွဲနိုင်တယ်ဆိုရင် နောက်ထပ်အလုပ်တွေပါ ထပ်မံလုပ်ကိုင်နိုင်မှာဖြစ်ပါတယ်။
(၃) ကုန်ကျစရိတ်

Source : theHRDIRECTOR
Freelance လုပ်သူတွေအနေနဲ့ ငွေကုန်ကျစရာကဏ္ဍတွေ လုံးဝမရှိဘူးလို့မပြောလိုပေမယ် သာမာန်ရုံးဝန်ထမ်းတစ်ယောက်ထက်တော့ နေ့စဉ်အပိုကုန်ကျငွေက လျော့နည်းတယ်လို့ ပြောလို့ရပါတယ်။ Freelancer လုပ်ကိုင်သူတစ်ယောက်အတွက် လမ်းစရိတ် ၊ အာမခံကြေး ၊ နေ့လည်စာ ၊ ရုံးတွင်းအသုံးအဆောင်ပစ္စည်းများဝယ်ယူခြင်း၊ နေ့စဉ်အသေးသုံးငွေ စသည်ဖြင့် မသုံးမဖြစ်တဲ့ အပိုထွက်ငွေဆိုတာမရှိတော့အတွက် ကိုယ်ချွေတာရင် ချွေတာသလို စုမိဆောင်းမိနိုင်ပါတယ်။
(၄) အဝတ်အစား

Source : lifehacks
များသောအားဖြင့် ရုံးတက်ရသူတွေအနေနဲ့ ဝတ်စားဆင်ယင်မှုနဲ့ပတ်သတ်ပြီး အချိန်ပေးကြရလေ့ရှိပါတယ်။ ရုံးနဲ့ကိုက်ညီမှုရှိတဲ့ အဝတ်အစားကိုသေချာရွေးချယ်ရသလို ဒီနေ့ဘာဝတ်ရမလဲဆိုတဲ့အချက်ကလည်း တကယ့်ကိုခေါင်းစားရတဲ့ ကိစ္စတစ်ခုပါပဲ။ Freelancer တစ်ယောက်အတွက်တော့ အိမ်နေရင်း အဝတ်အစားနဲ့လည်း အလုပ်လုပ်နိုင်သလို ကိုယ်နဲ့အဆင်ပြေတဲ့ ပေါ့ပေါ့ပါးပါးဝတ်စားဆင်ယင်မှုပုံစံကို ရွေးချယ်နိုင်မှာဖြစ်ပါတယ်။
(၅) အခွင့်အလမ်း

Source : Business News Daily
လုပ်သက် ၁၀ နှစ်ရှိပါစေ တူညီတဲ့အရာတွေကိုပဲ နေ့စဉ်လုပ်ရတဲ့ ဝန်ထမ်းတစ်ယောက်ထက် မတူညီတဲ့လုပ်ငန်းခွင်တွေ ၊ အမျိုးမျိုးသောလုပ်ငန်းအတွေ့အကြုံတွေရနိုင်တဲ့ Freelance အလုပ်က ကိုယ့်အတွက် သင်ယူစရာတွေ အခွင့်အလမ်းကောင်းတွေရစေမှာဖြစ်ပါတယ်။ Freelancer တွေအနေနဲ့ အလုပ်ထဲက သင်ယူစရာတွေကို လေ့လာသင်ယူနိုင်သလို ပြင်ပသင်တန်းတွေ တခြားလေ့လာစရာတွေအတွက်လည်း အချိန်ပေးနိုင်မှာဖြစ်တာကြောင့် ပိုကောင်းတဲ့ အခွင့်အလမ်းတွေရနိုင်တယ်ဆိုတာ ငြင်းလို့မရနိုင်ပါဘူး။
