သမားရိုးကျဝိတ်ချနည်းမှာ လေ့ကျင့်ခန်းနဲ့ အစားအသောက်ထိန်းသိမ်းဆိုတဲ့ အချက် (၂) ချက်က မပါမဖြစ်ပါဝင်ပါတယ်။ သို့သော် လေ့ကျင့်ခန်းလုပ်ဖို့အချိန်မပေးနိုင်တဲ့သူတွေဆိုရင်တော့ ဝိတ်ကျဖို့ မဖြစ်နိုင်ဘူးလား။ တကယ်တော့ လေ့ကျင့်ခန်းမပါပဲဝိတ်ကျနိုင်ဖို့က တော်ရုံလွယ်ကူတဲ့ ကိစ္စတစ်ခုမဟုတ်ပေမယ့် အခုပြောပြမယ့်အချက်လေးတွေလိုက်နာမယ်ဆိုရင်တော့ လေ့ကျင့်ခန်းမလုပ်လဲ အတော်အသင့်ဝိတ်ကျဖို့ဖြစ်နိုင်ပါတယ်။

Source : Men’s Journal

(၁) ဝိတ်ချတော့မယ်ဆိုရင် မြန်မြန်စားတက်တဲ့အလေ့အကျင့်ကို ဖျောက်ဖျက်ဖို့လိုပါမယ်။ လေ့လာမှုတစ်ခုအရ အစားမြန်မြန်စားသူတွေဟာ ပိုပြီးဝိတ်တက်လေ့ရှိပြီး အဝလွန်နိုင်ခြေများပါတယ်။ ဒါကြောင့် အစားစားတဲ့အခါ ဖြေးဖြေးနဲ့နှေးနှေးချင်း ကြေညှက်အောင် ဝါးစားပါ။ ဖြေးဖြေးစားတာက စားတဲ့ပမာဏကိုလျော့နည်းစေပြီး ဗိုက်ပြည့်စေပါတယ်။

(၂) ကြက်ရင်ပုံသား ငါး ဂရိဒိန်ချဉ် ကြက်ဥ ပဲ ဗာဒံစေ့ စတဲ့ ပရိုတင်းဓာတ်ကြွယ်ဝတဲ့အစားအစာတွေများများစားပေးပါ။ ပရိုတင်းဓာတ်က ဆာလောင်မှုကိုလျော့နည်းစေပြီး အဆာခံတဲ့အတွက် အလွန်အကျွံစားချင်စိတ်ကိုထိန်းပေးပါ။ အကောင်းဆုံးကတော့ ပရိုတင်းဓာတ်ကြွယ်ဝတဲ့ အသားပြုတ် ကြက်ဥပြုတ်တွေကို မနက်စာမှာထည့်စားပေးပါ။

(၃) ရေခဲသေတ္တာထဲမှာ အစားအစာတွေဝယ်ထည့် ထားမိသေးတယ်ဆိုရင် အခုကစပြီး ရပ်တန့်လိုက်ပါ။ များသောအားဖြင့် အချိုများတဲ့အစားအစာတွေ ၊ ရေခဲမုန့် ၊ ချိစ်ကိတ် ၊ ပြုပြင်ထားတဲ့ အသားတွေ ၊ သရေဆာမုန့်တွေကို သိုလှောင်ထားတက်ကြပါတယ်။ ဒီလိုအစားအစာတွေဝယ်ထည့်ထားတာက အစားစာချင်စိတ်ကိုပိုဖြစ်စေတာကြောင့် ပိုစားမိပြီးဝိတ်တက်စေနိုင်ပါတယ်။ အဲ့ဒီအစား အဆီမတက်ပဲ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အသီးအနှံတွေ ဟင်းသီးဟင်းရွက်တွေကိုသာ ရေခဲသေတ္တာထဲဝယ်ထည့်ထားပါ။

(၄) အမျှင်ဓာတ်ကြွယ်ဝတဲ့အစားအစာတွေစားပေးတာက စိတ်ကျေနပ်မှုရစေပြီး ဆာလောင်မှုဒဏ်ကို ပိုခံနိုင်ပါတယ်။ လေ့လာမှုများအရ viscous fiber လို့ခေါ်တဲ့ အမျှင်ဓာတ်တစ်မျိုးက ကိုယ်အလေးချိန်ကျခြင်းအတွက် အထူးအထောက်အကူပြုပါတယ်။ ၎င်းအမျှင်ဓာတ်ကို ပဲအမျိုးမျိုး ၊ Oat ၊ ပဲပင်ပေါက် ၊ ကညွတ် ၊ လမ္မော်သီးနဲ့ အစေ့အဆံအမျိုးမျိုးမှ ရနိုင်ပါတယ်။

Source : Natures Ville

(၅) အစားမစားမီရေသောက်ပါ။ အစားမစားခင် ရေများများသောက်တာက အစားစားချင်စိတ်ကိုလျော့နည်းစေပြီး ပြည့်အင့်စေတာကြောင့် ကယ်လိုရီများများစားမိခြင်းကို ထိန်းချုပ်ပေးပါတယ်။ အရွယ်ရောက်ပြီးသူများအနေနဲ့ အစာမစားမီ မိနစ် ၃၀ ခန့်အလိုမှာ ရေလီတာဝက်ခန့်သောက်ပေးမယ်ဆိုရင် ကိုယ်အလေးချိန်သိသိသာသာကျလာမှာပါ။ ဆိုဒါနဲ့အချိုရည်တွေအစားကိုလည်း ရေပဲသောက်ပေးဖို့အကြံပြုချင်ပါတယ်။

(၆) တီဗီကြည့်ရင်းထမင်းစားတာ ၊ ကွန်ပြူတာသုံးရင် အစားအစာမျိုးတွေကိုလုံးဝရှောင်ကြဉ်ပေးပါ။ ဘာကြောင့်လဲဆိုရင် ဖုန်းသုံးရင်း တီဗီကြည့်ရင်း အစားစားတာက အာရုံလွင့်ပျံကိုဖြစ်စေပြီး ပုံမှန်ထက်ပိုစားမိစေပါတယ်။

(၇) ဝိတ်ကျဖို့အတွက်ဆိုရင် အိပ်စက်ခြင်းနဲ့ စိတ်ဖိစီးမှုထိန်းချုပ်ခြင်းကလည်း အင်မတန်အရေးပါပါတယ်။ အိပ်စက်ချိန်မှားယွင်းတာ ၊ စိတ်ဖိစီးမှုများတာတွေကဆင့် cortisol ဟော်မုန်းအပြောင်းအလဲတွေဖြစ်လာပြီး ကျန်းမာရေးနှင့် မညီညွတ်တဲ့ အစားအစာများစားချင်စိတ်ဖြစ်ခြင်း ကယ်လိုရီများများစားမိခြင်းတွေဖြစ်လာစေနိုင်ပါတယ်။ဒါကြောင့် ဝိတ်ချနေတဲ့ကာလမှာ အိပ်ချိန်မှန်မှန်အိပ်ဖို့နဲ့ စိတ်ဖိစီးမှုလျော့ချပေးဖို့လိုပါတယ်။