အမေရိကန်ပြည်ထောင်စုမှာ နှစ်စဉ်ဝက်ခြံပြဿနာကိုဖြေရှင်းဖို့ ဘီလီယံပေါင်းများစွာသုံးစွဲနေကြရလေ့ရှိတယ်လို့ စစ်တမ်းတွေကဖော်ပြထားပါတယ်။ တိုးတက်လာတဲ့ယနေ့ခေတ်မှာ အမျိုးမျိုးသော ဝက်ခြံကုထုံး နည်းပညာများစွာလည်းရှိလာပြီး ဝက်ခြံကုထုံးတွေအတွက် ငွေကြေးအမြောက်အများကိုလည်း သုံးစွဲလာကြပါတယ်။ ဒီနေ့ပြောပြပေးမှာကတော့ ငွေကုန်ကျနည်းပြီး ထိရောက်စွာဝက်ခြံပြဿနာတွေကိုဖြေရှင်းပေးနိုင်မယ့် အစားအစား (၅) မျိုးပဲဖြစ်ပါတယ်။
(၁) ကိုက်လန်

ကိုက်လန်မှာ ဗီတာမင်ဓာတ်များ ၊ သတ္တုဓာတ်နဲ့ ဓာတ်တိုးဆန့်ပစ္စည်းများစွာပါဝင်ပြီး ၎င်းကအသားအရေ ညစ်နွမ်းခြင်းပြဿနာများကို လျော့ချပေးပါတယ်။ ဒါ့အပြင် ကိုက်လန်မှာပါဝင်တဲ့ ဗီတာမင် C က ကော်လာဂျင်ဖွဲ့စည်းမှုကို တိုးမြှင့်ပေးတာကြောင့် ဝက်ခြံနဲ့ အမာရွက်များကို အလျင်အမြန်ဆုံးပျောက်ကင်း သက်သာစေနိုင်ပါတယ်။ ကိုက်လန်ကို မနက်ခင်းမှာ ဖျော်ရည်အဖြစ်သောက်သုံးနိုင်သလို ကြော်ချက်ပြီးလည်းစားနိုင်ပါတယ်။
(၂) ကန်စွန်းဥ

Beta-carotene အရင်းအမြစ်တစ်ခုဖြစ်တဲ့ ကန်စွန်းဥကိုစားသုံးတဲ့အခါ Beta-carotene ဟာခန္ဓာကိုယ်အတွင်း ဗီတာမင် A အဖြစ်သို့ပြောင်းလဲသွားပါတယ်။ ဗီတာမင် A က အသားအရေဆိုင်ရာ ပြဿနာများ ၊ ရောင်ရမ်းခြင်း ၊ ချွေးပေါက်ပိတ်ခြင်း နှင့် ဝက်ခြံတွေကိုသက်သာစေနိုင်ပါတယ်။ ကန်စွန်းဥ ကိုအဆာပြေအနေနဲ့ စားသုံးနိုင်သလို ဟင်းချိုအနေနဲ့လည်း ချက်ပြုတ်စားနိုင်ပါတယ်။
(၃) သံပုရာသီး

သံပုရာသီးဟာ ဝက်ခြံပျောက်ကင်းစေတဲ့ အလှအပဆိုင်ရာသဘာဝပစ္စည်းအဖြစ် အသုံးပြုလေ့ရှိပါတယ်။ သတိထားရမှာတစ်ခုက သံပုရာသီးမှာ အက်စစ်ဓာတ်ပါဝင်တဲ့အတွက် အရေပြားကိုတိုက်ရိုက်အသုံးပြုခြင်းကိုတော့ ရှောင်ရှားသင့်ပါတယ်။ အကောင်းဆုံးကတော့ ရေခပ်နွေးနွေးတစ်ခွက်ထဲကို သံပုရာသီးတစ်စိတ်ညှစ်ထည့်ပြီး မနက်ခင်းအစာမစားခင်မှာသောက်ပေးခြင်းဖြင့် ဝက်ခြံထွက်ခြင်းကို လျော့ကျစေပြီး အသားအရေကြည်လင်လာစေမှာပါ။
(၄) ဘယ်ရီသီး

စတော်ဘယ်ရီ ၊ ချယ်ရီသီး ၊ ရက်စ်ဘယ်ရီ ၊ ဘလူးဘယ်ရီ နဲ့ ဘလက်ဘယ်ရီသီးတွေမှာ ဗီတာမင် C နှင့် antioxidants များစွာပါဝင်ပါတယ်။ ဗီတာမင် C ကဝက်ခြံနဲ့ အဖုအပိန့်များထွက်ခြင်းကို သက်သာစေပြီး antioxidants ဓာတ်တွေက အမဲစက်နဲ့ရောင်ရမ်းခြင်းတွေကို လျော့ကျသက်သာစေပါတယ်။ ဘယ်ရီသီးတွေကို အသီးအတိုင်းစားနိုင်သလို ဒိန်ချဉ် ၊ Oat နဲ့လည်း တွဲဖက်စားသုံးနိုင်မှာဖြစ်ပါတယ်။
(၅) သင်္ဘောသီး

ဗီတာမင် A ၊ ဗီတာမင် C ၊ ဗီတာမင် K နဲ့ သတ္တုဓာတ်များကြွယ်ဝစွာပါဝင်တဲ့ သင်္ဘောသီးမှာ papain လို့ခေါ်တဲ့ အစာခြေအင်ဇိုင်းတစ်မျိုးပါရှိပါတယ်။ အဆိုပါ papain ဟာ မျက်နှာအရေပြားပေါ်မှာရှိတဲ့ ဆဲလ်သေတွေကိုဖယ်ရှားပေးပြီး ချွေးပေါက်နဲ့ ဝက်ခြံအနာတွေကို သက်သာပျောက်ကင်းစေနိုင်တဲ့အထိ အစွမ်းထက်ပါတယ်။ သင်္ဘောသီးမှာပါဝင်တဲ့တခြားသော ဗီတာမင်နဲ့ ဓာတ်သတ္တုများက အရေပြား elasticity ကိုတိုးတက်စေပြီး အရေးကြောင်းများဖြစ်ခြင်းကို ကာကွယ်ပေးပါတယ်။ သင်္ဘောသီးကို ဖျော်ရည်အဖြစ်လည်းကောင်း အသီးတိုင်းလည်းကောင်းစားနိုင်ပါတယ်။
