မိန်းကလေးတွေရဲ့စိတ်ကို ခန့်မှန်းရတာဟာ ဘောလုံးပွဲတစ်ပွဲရဲ့အနိုင်အရှုံးကို ခန့်မှန်းရတာထက် ပိုခက်ပါတယ်။ သင့်ချစ်သူကောင်မလေးက သင့်အပေါ် အရင်လိုအချစ်တွေရှိသေးရဲ့လား သင့်ကိုလုံးဝမချစ်တော့ဘူးလားဆိုတာကို သင့်အနေနဲ့ ခန့်မှန်းကြည့်ရုံနဲ့ သိဖို့မလွယ်ကူပါဘူး။ ဒါပေမယ့်အခုပြောပြမယ့်အချက်တွေနဲ့ ကိုက်ညီနေတယ်ဆိုရင်တော့ သင့်အပေါ် ထားရှိတဲ့ အချစ်တွေမရှိတော့ဘူးဆိုတာကို သင်သိနိုင်မှာဖြစ်ပါတယ်။

(၁) အရင်က ဘယ်ကိစ္စမဆို နှစ်ဦးသားတိုင်တိုင်ပင်ပင်ရှိခဲ့ပေမယ့် လက်ရှိမှာ သင်နဲ့ဆွေးနွေးတိုင်ပင်တာတွေ မလုပ်တော့ဘူး။ သူမတစ်ယောက်တည်း ကိုယ်ပိုင်ဆုံးဖြတ်ချက်တွေ ချမှတ်နေတယ်ဆိုရင် သင်နဲ့ရှေ့ဆက်ဖို့အခြေအနေက ဝေးဝါးနေပြီဆိုတာ သိနိုင်မှာပါ။

(၂) ရန်ဖြစ်စကားများတဲ့အခါ သင်နဲ့ အရင်လို ငြင်းခုန်မှုတွေ မလုပ်တော့ဘူး။ အဝေးတစ်နေရာကိုထထွက်သွားတာ ၊ ရေငုံနှုတ်ပိတ်နေနေတာမျိုးက သင်အနေနဲ့အနိုင်ရလိုက်တယ်လို့ မှတ်ယူရင် မှားသွားပါလိမ့်မယ်။ တကယ်တော့သူမက ဒီလိုအခြေအနေတွေကို စိတ်ပျက်နေပြီး သင့်ဘာပြောပြော ဂရုစိုက်ချင်စိတ်မရှိတော့ဘူးဆိုတဲ့ သဘောကိုပြနေတာဖြစ်ပါတယ်။

(၃) သူမနဲ့ပတ်သတ်ပြီး သင်ကြိုးစားအားထုတ်ထားတဲ့အရာတိုင်းကို အသိမှတ်မပြုပဲနေတယ် ၊ ဖာသိဖာသာပဲနေတယ်ဆိုရင် ဒါဟာသင့်ရဲ့အချစ်ကိုမသိကျေးကျွန်ပြုနေတဲ့ လက္ခဏာတစ်ခုဖြစ်ပြီး သင့်အပေါ်ထားတဲ့ ချစ်ခြင်းမေတ္တာတွေ မရှိတော့ဘူးဆိုတာဖော်ပြနေတာဖြစ်ပါတယ်။

(၄) လူတိုင်းမှာစိတ်ခံစားမှုမကောင်းတဲ့ အချိန်ဆိုတာရှိတက်ပါတယ်။ သို့သော် သင်အနားမှာရှိတဲ့အချိန်တိုင်း သူမအနေနဲ့ စိတ်ကျဉ်းကျပ်သလိုအမူအရာတွေပြနေမယ် အမြဲစိတ်ရှုပ်ထွေးနေမယ် စိတ်တိုဒေါသထွက်လွယ်နေမယ်ဆိုရင် သင်နဲ့အတူရှိတဲ့အချိန်တွေက မပျော်တော့ဘူးဆိုတာ သိနိုင်မှာပါ။

(၅) သင့်အတွက် သူမရဲ့အချိန်တွေ ဖဲ့မပေးချင်တော့ဘူး ၊ သူနဲ့ဖုန်းပြောရတာ ၊ အတူသွားလာရတာတွေသိပ်မလုပ်တော့ပဲ အကြောင်းပြချက်အမျိုးမျိုးပြပြီး သင့်ကိုရှောင်ဖယ်နေမယ် ၊ သူမတစ်ယောက်တည်း သီးသီးသန့်သန့်နေနေမယ်ဆိုရင် သင့်အပေါ်စိတ်ကုန်နေတာ ဒါမှမဟုတ် ဒီ relationship ကိုအဆုံးသတ်ချင်နေတာမျိုး ဖြစ်နိုင်ပါတယ်။

(၆) အရင်ကသူမဆီကနေ ချစ်တယ်ဆိုတဲ့စကားကို နေ့တိုင်းကြားရကောင်းကြားရခဲ့နိုင်ပါတယ်။ သူမ သင့်အပေါ် ချစ်တဲ့စိတ်မရှိတော့ဘူးဆိုတာနဲ့ သင့်ကိုချစ်တယ်ဆိုတဲ့ စကားပြောဖို့ တွန့်ဆုတ်နေပါလိမ့်မယ်။ သူမဆီကနေ သင့်ကိုချစ်တယ်ဆိုတဲ့ စကားကိုမကြားရသလောက်ဖြစ်လာပါလိမ့်မယ်။

(၇) ချစ်တဲ့သူတိုင်းက တစ်ယောက်အကြောင်းတစ်ယောက် စိတ်ဝင်စားကြတာပဲ မဟုတ်လား။ အနည်းဆုံးတော့ ဒီနေ့အလုပ်မှာအဆင်ပြေလားဆိုတဲ့ မေးခွန်လေးတော့ မေးတက်ကြပါတယ်။ ဒီလိုမှမဟုတ်ပဲ သင့်အကြောင်းဘာတစ်ခုမှ စိတ်ဝင်တစားမရှိတော့ဘူး ၊ သင်လုပ်ချင်တာလုပ် သင်သွားချင်တဲ့နေရာသွား လိုက်မေးနေတာမျိုးမရှိတော့ဘူးဆိုရင်တော့ သူမအချစ်တွေမရှိတော့ဘူးဆိုတဲ့ သင်သိနိုင်မှာဖြစ်ပါတယ်။

Source : relrules