တစ်နေ့ကုန် အလုပ်အင်တာဗျူးတွေ ခြေတိုအောင်လိုက်ဖြေနေရပေမယ့် ကျေနပ်စရာအခြေအနေမျိုးမရပဲ ပြန်ဆက်သွယ်လိုက်ပါမယ်ဆိုတဲ့ စကားလေးနဲ့ လှည့်ပြန်ခဲ့ရတဲ့ အဖြစ်မျိုးတော်တော်များများ ကြုံဖူးကြမယ်ထင်ပါတယ်။
အလုပ်တစ်ခုရဖို့ လုံးဝမလွယ်ကူတဲ့ ခေတ်ကြီးမှာ အလုပ်ရှင်တွေ ၊ ဝန်ထမ်းရေးရာကို တာဝန်ယူရတဲ့ ကြီးကြပ်သူတွေ သဘောကျပြီး ကိုယ့်ကိုအလုပ်တန်းခန့်ချင်အောင် အင်တာဗျူးဖြေတဲ့အခါ ဘာတွေပြင်ဆင်သွားသင့်လဲဆိုတာပြောပြပေးချင်ပါတယ်။
(၁) CV Form ကောင်းကောင်းတစ်စုံပြင်ဆင်ပါ
Source : blog.appleone.com
အလုပ်လျှောက်တဲ့အခါ ပထမဆုံး CV Form ကိုပဲကြည့်ကြတဲ့အတွက် CV Form က ဝန်ထမ်းတစ်ယောက်ရဲ့ အသက်သွေးကြောတစ်ခုလို့ ပြောလို့ရပါတယ်။ ကိုယ့်ရဲ့ ပညာအရေးအချင်း ၊ တတ်ကျွမ်းမှု ၊ လုပ်ငန်းအတွေ့အကြုံ စတဲ့ အချက်အလက်တွေကို ပြည့်ပြည့်စုံစုံထည့်သွင်းရေးသားထားမှသာ အလုပ်ရှင်တွေ အထင်ကြီးလေးစားမှုကို ရရှိစေမှာဖြစ်ပါတယ်။
CV Form ဖြစ်ရင်ပြီးရောဆိုပြီး သာမာန် စာရေးကိရိယာဆိုင်က ဝယ်တဲ့ CV Form နဲ့တော့ အင်တာဗျူးသွားမဖြေပါနဲ့။ အချက်အလက်စုံလင်စွာ ကိုယ်တိုင်စနစ်တကျရေးသားထားတဲ့ CV Form ကောင်းကောင်းတစ်ခု ပြင်ဆင်သွားပါ။
(၂) ကုမ္ပဏီအကြောင်း အနည်းအကျဉ်းလေ့လာသွားပါ
Source : Family Britches
အင်တာဗျူးသွားမဖြေခင် ကိုယ်အလုပ်လျှောက်တဲ့ ကုမ္ပဏီရဲ့ အကြောင်းကိုတော့ အနည်းအကျဉ်းလေ့လာသွားဖို့လိုပါမယ်။ ကိုယ်အလုပ်လျှောက်တဲ့ ကုမ္ပဏီက ဘယ်လိုလုပ်ငန်းမျိုး လုပ်ဆောင်နေတာလဲ ၊ ဘယ်လိုဝန်ဆောင်မှုတွေပေးနေလဲ ၊ ပြည်တွင်းလား နိုင်ငံခြားကုမ္ပဏီလား စသည့်ဖြင့် အသေးစိတ်မသိရင်တောင်မှ အနည်းအကျဉ်းတော့ သိထားသင့်ပါတယ်။
အလုပ်ရှင်တွေအများစုက သူတို့ကုမ္ပဏီအကြောင်း လေ့လာထားသူတွေကို ပိုမိုသဘောကျတတ်သလို ကိုယ်တိုင်လည်း အလုပ်ပေါ်စိတ်ဝင်စားမှု ၊ ပရော်ဖက်ရှင်နယ်ဆန်မှုတွေကို ထုတ်ဖော်ပြသရာရောက်စေမှာဖြစ်ပါတယ်။
(၃) အလုပ်နဲ့ပတ်သက်ပြီး သိချင်တဲ့မေးခွန်းတွေ ပြင်ဆင်ပါ
Source : Workopolis
တော်တော်များများက အင်တာဗျူးဖြေတယ်ဆိုရင် အလုပ်ရှင်ဘက်က မေးခွန်းတွေကို ဖြေပေးရုံနဲ့ လုံလောက်ပြီလို့ ထင်တတ်ကြပါတယ်။ အင်တာဗျူးလုပ်တယ်ဆိုတာ အလုပ်ရှင်ဘက်က ကိုယ့်ကို လူတွေ့အကဲခတ်စစ်ဆေးတာဖြစ်သလို ကိုယ်အနေနဲ့လည်း အလုပ်နဲ့ပတ်သက်ပြီး ပြန်လည်အကဲခတ်ခွင့်ရှိပါတယ်။
ကိုယ့်အနေနဲ့ ကုမ္ပဏီနဲ့ ပတ်သက်ပြီး သိချင်တဲ့အကြောင်းအရာတွေကို ကြိုတင်မေးခွန်းထုတ်မထားဘူးဆိုရင် အင်တာဗျူးက တစ်ဖက်တည်းက မေးနေသလိုဖြစ်နေပါလိမ့်မယ်။ အလုပ်ရှင်အများစုက ကိုယ့်ကိုမေးခွန်းတွေမေးပြီးတဲ့အခါ ကုမ္ပဏီနဲ့ ပတ်သက်ပြီး ဘာသိချင်လဲ ဆိုတဲ့မေးခွန်းကို အမြဲမေးလေ့ရှိတယ်ဆိုတာ မမေ့ပါနဲ့။
(၄) စိတ်ကို တည်ငြိမ်အောင် အတတ်နိုင်ဆုံး ပြင်ဆင်သွားပါ
Source : CPA Canada
အလုပ်အသစ်တစ်ခုအတွက် အင်တာဗျူးဖြေတဲ့အခါ အများစု စိတ်လှုပ်ရှားရင်ခုန်ကာ ခြေမကိုင်မိလက်မကိုင်မိဖြစ်တတ်ကြပါတယ်။ စိတ်လှုပ်ရှားခြင်းရဲ့ အကျိုးဆက်က ကိုယ်အကောင်းဆုံးပြင်ဆင်လာတဲ့ အရာတွေကို ကမောက်ကမဖြစ်စေကာ အလုပ်ရှင်ရဲ့မေးခွန်းတွေကို ကျေနပ်မှုရလောက်တဲ့အထိ ဖြေပေးနိုင်ခြင်းရှိမှာမဟုတ်တော့ပါဘူး။
ဒါကြောင့် အတတ်နိုင်ဆုံး စိတ်ကိုတည်ငြိမ်အောင် လေ့ကျင့်ပါ။ ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်နဲ့ အလုပ်ရှင်ရဲ့ မေးခွန်းတိုင်းကို တိကျမှန်ကန်စွာ ၊ အသံနေအသံထားကောင်းမွန်စွာ ဖြေဆိုပါ။ ဒါမှသာ အလုပ်ရှင်ရဲ့ လေးစားမှုရရှိမှာဖြစ်ပြီး ကိုယ့်ကို ယုံကြည်စွာ အလုပ်ခန့်အပ်မှာဖြစ်ပါတယ်။




