လူအတော်များများကတော့ ကိုယ်ကာယကျန်းမာမှုကို စိတ်ကျန်းမာမှုထက် ပိုအရေးကြီးတယ်လို့ ယူဆနေကြပါတယ်။ တကယ်တော့ စိတ်မှာ ဖြစ်တဲ့ နာမကျန်းမှုဟာ ကိုယ်ကျန်းမာရေးထက်တောင် ပြဿနာပိုကြီးနိုင်ပါတယ်။ တစ်ချက်ကလည်း ဒီနေ့ခေတ်ဟာ စိတ်ကျန်းမာမှုကို စိန်ခေါ်နေတဲ့ခေတ်ဖြစ်လို့ စိတ်နဲ့ခံစားမှုအာရောဂျာဖြစ်ဖို့ နာမည်ကျော် ဆရာဝန်တစ်ဦးဖြစ်တဲ့ မိုက်ဟန်ဆန်ရဲ့ အကြံပေးချက်တွေ လိုက်နာကြည့်ရအောင်ပါ။

(၁) လေ့ကျင့်ခန်း လုပ်ပါ

Photo: Freepik

“ကိုယ်လက်လေ့ကျင့်ခန်းလုပ်တာဟာ စိတ်ကျန်းမာရေးပေါ်မှာ အကျိုးများတယ်ဆိုတာကို အားကောင်းတဲ့ လေ့လာမှုအထောက်အထားသစ်တွေ တွေ့ထားပါတယ်။” လို့ မစ္စတာဟန်ဆန်က ဆိုပါတယ်။ အထူးသဖြင့် ကိုယ်ကာယလေ့ကျင့်ခန်းနဲ့ Cardio ကစားမှုဟာ စိတ်ဓါတ်ကျတဲ့ လက္ခဏာတွေကို လျော့ပါးစေတာနဲ့ ဆက်စပ်မှု ရှိနေတာ ဖြစ်ပါတယ်။ ပင်ပင်ပန်းပန်းကြီး အားကစားလုပ်စရာမလိုဘူးလို့လည်း သူက သတိပေးထားပါတယ်။ အလွန်အကျွံအားကစားလုပ်ရင် အကြောအချဉ်တွေ တင်းပြီး အားကုန်ပင်ပန်းသလို ခံစားလာတာကြောင့် ဖြစ်ပါတယ်။

(၂) အစားအသောက် ဂရုစိုက်ပါ

Photo: Freepik

မှန်ကန်မျှတတဲ့ အာဟာရနဲ့ စားသောက်မှုပုံစံကလည်း စိတ်ခံစားချက်ပေါ်သက်ရောက်မှု ရှိပါတယ်။ ကောင်းမွန်မျှတတဲ့ အာဟာရထဲမှာ ငါး ၊ သစ်သီးဝလံနဲ့ အသီးအရွက်တွေ ၊ အစေ့အဆံနဲ့ ကျန်းမာတဲ့ အဆီဓါတ်တွေ ပါဝင်ပါတယ်။ စိတ်ကျန်းမာရေးအားကောင်းဖို့ ရှောင်ရမယ့် အစားအသောက်တွေကတော့ တာရှည်ခံအောင် ပြုပြင်ထားတဲ့ အစားအသောက်တွေ နဲ့ အရက် ၊ ဆေးလိပ်စတာတွေ ဖြစ်ပါတယ်။

(၃) အိပ်စက်မှု မှန်ပါစေ

Photo: Freepik

အိပ်မပျော်နိုင်ခြင်းနဲ့ အိပ်စက်မှုဆိုင်ရာ ပုံစံမမှန်ဖြစ်ခြင်းဟာ ၂၀၂၀ ပြည့်နှစ်ထဲမှာ ပိုတိုးပွားလာခဲ့တယ်လို့ ဆိုပါတယ်။ ဒေါက်တာဟန်ဆန်ကတော့ အိပ်ရာဝင်ဖို့ နာရီအတန်ကြာကတည်းက Screen-Time မလုပ်ဖို့နဲ့ တရားထိုင်ခြင်း ၊ ကိုယ်လက်လှုပ်ရှားမှုနဲ့ ယောဂလိုမျိုး စိတ်တည်ငြိမ်ရေးဆိုင်ရာ နည်းလမ်းတွေ သုံးဖို့ အကြံပေးထားပါတယ်။

(၄) အပြင်ထွက် လျှောက်လည်ပါ

Photo: Freepik

အခန်းထဲမှာပဲ ကိုယ့်ကိုယ်ကိုယ် ပိတ်လှောင်ထားမိရင် ကြာလာတာနဲ့အမျှ စိတ်ခံစားချက်တွေ ထိခိုက်လာနိုင်ပါတယ်။ ဒါကြောင့် အခန်းထဲက ထွက်ပြီး သဘာဝနေရောင်ခြည်နဲ့ ထိတွေ့ပါ။ လမ်းများများလျှောက်ပါ။ စိတ်ခံစားချက်တွေကို နှောင့်ယှက်နိုင်တဲ့ စမတ်ဖုန်းတွေ ၊ လူမှုကွန်ရက်တွေနဲ့ ဝေးဝေးနေကြည့်ပါ။

(၅) တခြားသူတွေနဲ့ အဆက်အသွယ်လုပ်ပါ

Photo: Freepik

ကိုယ်ချစ်ခင်ရသူတွေနဲ့ အဆက်ဖြတ်ထားခြင်းဟာ လူကို ပိုပြီး အထီးကျန်စေနိုင်ပါတယ်။ စိတ်ပိုင်းဆိုင်ရာလည်း အားနည်းလာနိုင်ပါတယ်။ ဒါကြောင့် ကိုယ့်ပတ်ဝန်းကျင် အသိုင်းအဝိုင်း မိတ်ဆွေသင်္ဂဟတွေနဲ့ ပုံမှန်ဆက်သွယ်မှု လုပ်ဆောင်သင့်ပါတယ်။

(၆) အကောင်းမြင်စိတ်ထားပါ

Photo: Freepik

အကောင်းမြင်စိတ်ထားဖို့ဆိုတာ အပြောလွယ်သလောက် အလုပ်ခက်ပါတယ်။ “ဥမင်လိုဏ်ရဲ့ အဆုံးမှာ အလင်းရှိတယ်”ဆိုတဲ့ စိတ်နဲ့ အဆိုးတွေပြီးရင် အကောင်းတွေ ရောက်လာမှာပဲဆိုပြီး မျှော်လင့်ချက် ထားတတ်တဲ့ စိတ်နဲ့ နေထိုင်ပါ။ အကောင်းမြင်တတ်တဲ့စိတ်ဟာ ရေရှည်လူမှုဘဝပြဿနာတွေကို ဖြေရှင်းရာမှာ အရေးကြီးဆုံးနဲ့ အထိရောက်ဆုံး နည်းလမ်းလည်း ဖြစ်ပါတယ်။