ချဲလ်ဆီးအသင်းရဲ့ နည်းပြရာထူးကနေ ထုတ်ပယ်ခြင်းခံခဲ့ရတဲ့ ဖရန့်လမ်းပတ်ဟာ စတန်းဖို့ဒ်ဘရစ်ဂျ်ကနေ ထွက်ခွာခဲ့ပြီးနောက်ပိုင်း လူမြင်ကွင်းကို ပြန်လည်ထွက်လာခဲ့ပါတယ်။

ချဲလ်ဆီးအသင်းဟာ ရလဒ်တွေတောက်လျှောက် ဆိုးရွားနေတာကြောင့် ပြီးခဲ့တဲ့အပတ်မှာ နည်းပြလမ်းပတ်ကို ရာထူးကနေ ထုတ်ပယ်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပြီး ၎င်းရဲ့နေရာမှာ ပီအက်စ်ဂျီနည်းပြဟောင်း သောမတ်စ်တူဟယ်ကို အစားထိုးခန့်အပ်ခဲ့တာဖြစ်ပါတယ်။

Photo : Daily Star

ပီအက်စ်ဂျီနဲ့ ဒေါ့မွန်နည်းပြဟောင်း သောမတ်စ် တူဟယ်ဟာ ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့ညက ဝုဗ်နဲ့ ဂိုးမရှိသရေကျခဲ့တဲ့ပွဲစဉ်မှာ ချဲလ်ဆီးနည်းပြအဖြစ် ပထမဆုံးတာဝန်ယူကိုင်တွယ်ခဲ့တာဖြစ်ပြီး တနင်္ဂနွေနေ့ညနေမှာ ကစားရမယ့် ဘန်လေအသင်းနဲ့ပွဲစဉ်အတွက် ကြိုတင်ပြင်ဆင်နေတာဖြစ်ပါတယ်။

ချဲလ်ဆီးဂန္တဝင်ကစားသမားဖြစ်တဲ့ ဖရန့်လမ်းပတ်ဟာ ပြီးခဲ့တဲ့ရာသီက ကစားသမားခေါ်ယူခွင့်ပိတ်ဆို့ခံထားရတဲ့အသင်းကို ချန်ပီယံလိဂ်ဝင်ခွင့်ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပြီးနောက် ပြီးခဲ့တဲ့နွေရာသီမှာ ပေါင်သန်း ၂၀၀ ကျော်သုံးစွဲပြီး ကစားသမားသစ်တွေ ခေါ်ယူဖို့ ထောက်ခံပေးခြင်းခံခဲ့ရသူဖြစ်ပါတယ်။ ဒါပေမယ့်လည်း ယခုရာသီအစပိုင်းမှာ ပုံစံကောင်းအချို့ ပြသနိုင်ခဲ့ပေမယ့် ခရစ်စမတ်ကာလကစပြီး ရလဒ်ဆိုးတွေနဲ့ ရင်ဆိုင်ခဲ့ရပြီးနောက် ပြီးခဲ့တဲ့အပတ်မှာ အသင်းပိုင်ရှင် အေဘရာမိုဗစ်ချ်ရဲ့ ရာထူးကနေ ထုတ်ပယ်ခြင်းကို ခံလိုက်ရတာဖြစ်ပါတယ်။

Photo: Daily Mail

ချဲလ်ဆီးအသင်းနည်းပြဟောင်း ဖရန့်လမ်းပတ်ဟာ နည်းပြရာထူးကနေ ထုတ်ပယ်ခံခဲ့ရပြီးနောက် ဘောလုံးလောကနဲ့ ခပ်ဝေးဝေးနေပြီး မိသားစုအတွက် အချိန်ပေးနေမယ်လို့ ယုံကြည်ရပြီး သောကြာနေ့က သူ့ရဲ့ ခွေးလေးကို ငြီးစီစီနိုင်တဲ့ လန်ဒန်မြို့ရဲ့ လမ်းမပေါ်မှာ ကျောင်းနေပြီး စိတ်ပြေလက်ပျောက်အနားယူနေတဲ့ ဓာတ်ပုံတွေကို မြင်တွေ့ခဲ့ရပါတယ်။ လူမှုကွန်ရက်ပေါ်က ပရိသတ်တွေဟာ လမ်းပတ်ရဲ့မျက်နှာအမူအရာကိုကြည့်ပြီး ချဲလ်ဆီးအသင်းနဲ့ ဖြစ်ပျက်ခဲ့တဲ့ဖြစ်ရပ်အတွက် စိတ်ခံစားမှု ပြင်းထန်နေဆဲဖြစ်တယ်လို့ ယုံကြည်ခဲ့ကြပြီး နည်းပြလမ်းပတ်အပေါ် စာနာသနားနေကြပါတယ်။