“အနာမခံရင်အသာမစံရဘူး”ဆိုတဲ့ စကားရှိပါတယ်။ တချို့အလုပ်တွေက လုပ်ချင်စရာမကောင်းပါဘူး။ ဒါပေမဲ့ တကယ်လုပ်ရင် အကျိုးများပါတယ်။ ဒီထဲမှာ လုပ်ချင်စရာမကောင်းပေမယ့် ယောင်္ကျားလေးတိုင်း လုပ်ပေးသင့်တဲ့ အရာလေးတွေအကြောင်း ပြောပြပေးချင်ပါတယ်။
(၁) ရည်မှန်းချက်ထားပါ

Photo: Freepik
ရည်မှန်းချက်ထားပြီး ကြိုးစားဖို့ဆိုတာ ခက်ခဲပေမယ့် ယောင်္ကျားတိုင်း လုပ်ရမယ့်အလုပ်ဖြစ်ပါတယ်။ ကိုယ်ပန်းတိုင်က တိကျမှုရှိလေလေ အောင်မြင်ထမြောက်ဖို့ ပိုလွယ်ကူလေလေပါပဲ။ ယောင်္ကျားတစ်ယောက်ဟာ ဘဝမှာ ချွေးထွက်အောင် ရုန်းကန်ခဲ့ဖူးရမယ်။ ပြတ်သားစွာ ဆုံးဖြတ်ချက်ချခဲ့ပြီး ဘဝလမ်းကြောင်းတွေ ရွေးချယ်ခဲ့ဖူးရမယ်။
မြင့်မြင့်မားမား စဉ်းစားတွေးခေါ်ပြီး ကြီးကြီးကျယ်ကျယ် လုပ်ဆောင်ခဲ့ဖူးရမယ်။ ကိုယ့်ခေါင်းထဲမှာ ပန်းတိုင်တစ်ခု ရှိနင့်ထားပြီး အဲ့ဒီပန်းတိုင်ကို တစ်ဖြောင့်တည်း တစ်စိုက်မတ်မတ် လျှောက်သွားဖို့ လမ်းကြောင်းတွေပေါ် သွားနေရပါမယ်။
(၂) ကိုယ့်စွမ်းရည်ကို ပြန်စိန်ခေါ်ပါ

Photo: Freepik
အတောင်ပံတွေ မဖြန့်မချင်းတော့ ကိုယ်ဘယ်လောက် ပျံသန်းနိုင်မလဲဆိုတာ ဘယ်သူမှ မသိနိုင်ပါဘူး။ ဒီလိုပါပဲ။ ကိုယ့်ရဲ့ ပျံနိုင်စွမ်းအားကို ကိုယ်တိုင် စမ်းသပ်စိန်ခေါ်မှု မလုပ်ရင် ကိုယ်ဘယ်လောက် မြင့်မြင့် ပျံနိုင်မလဲ ဘယ်လိုမှ သိနိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် ကိုယ့်ရဲ့ လုပ်ဆောင်နိုင်စွမ်းကို ပြန်ပြီး Challenge ခေါ်ပါ။
(၃) ဖုန်းစွဲလမ်းမှု ဖြတ်တောက်ပါ

Photo: Freepik
ဒီနေ့ခေတ်မှာ Nomophobia လို့ခေါ်တဲ့ လက်ထဲ ဖုန်းမရှိရင် မဖြစ်တော့တဲ့ ကြောက်စိတ်ကို လူတိုင်းလိုလို ခံစားနေကြရပါတယ်။ ဒါဟာ ရေရှည်မှာ ကိုယ်စိတ် ကျန်းမာရေးအပြင် တစ်ကိုယ်ရည် တိုးတက်ရေး ၊ လုပ်နိုင်ကိုင်စွမ်း နဲ့ စူးစိုက်မှုပေါ် ဒုက္ခပေးလာနိုင်ပါတယ်။ MobileHCI ရဲ့ လေ့လာမှုတစ်ခုအရ ၂၄ နာရီကြာအောင် ဖုန်းမသုံးဘဲ နေခြင်းအားဖြင့် စိတ်အာရုံစူးစိုက်မှုနဲ့ လုပ်နိုင်ကိုင်နိုင်စွမ်းကို သိသိသာသာ တိုးတက်စေနိုင်တယ်လို့ ဆိုပါတယ်။
(၄) စောစောထပါ

Photo: Freepik
နှိုးစက်မထားဘဲ ကိုယ့်ကိုယ်ကိုယ် အမိန့်ပေးပြီး အိပ်ရာက စောစောစီးစီး နိုးထတဲ့အကျင့်လုပ်ပါ။ စောစောအိပ်ရာထဖြစ်တော့ အချိန်ပိုရပါတယ်။ ကိုယ်ကျန်းမာရေးအတွက် လှုပ်ရှားဖို့ အချိန်ရမယ်။ မနက်စာလည်း စားဖြစ်မှာပါ။ မနက်ဖက် စောစောစီးစီး အိပ်ရာထတာကြောင့် ဘာသာရေးအဆုံးအမအတိုင်း ဘုရားစာရွတ်ဖတ်တာကနေ စိတ်တည်ငြိမ်အေးချမ်းအောင် တရားထိုင်တာ ၊ ယောဂကျင့်တာမျိုးလည်း လုပ်ဖြစ်ဖို့ အချိန်ရမှာပါ။
(၅) ပိုက်ဆံအသုံးအစွဲ ဂရုစိုက်ပါ

Photo: Freepik
ငွေကို အကျိုးရှိရှိ စီမံချင်တယ်ဆိုရင် အရင်ဆုံး ငွေကြေးသုံးစွဲမှုပေါ် စည်းထားဖို့ လိုပါတယ်။ အခုခေတ်မှာ ငွေသား Cash အစား Credit Card တွေ အလွယ်တကူသုံးလာကြပါတယ်။ ကတ်နဲ့ ငွေချေတာဖြစ်လို့ ငွေသုံးစွဲမှုကို လက်လွတ်စပယ်သုံးမိတတ်ပါတယ်။ ငွေသားနဲ့ ပေးချေတာမျိုး လုပ်သူတွေကတော့ လက်ထဲက ထွက်မယ့်ငွေသားကို ပိုပြီး ဂရုထားမိနိုင်ပါတယ်။ ငွေလည်း မလိုအပ်ဘဲ များများ မသုံးဖြစ်အောင် ချုပ်တီးလာမိမှာပါ။
(၆) ရိုးသားမှုက အရင်းခံပါစေ

Photo: Freepik
ရိုးရိုးသားသား နေဖို့ဆိုတာကလည်း သိပ်လွယ်တဲ့ ကိစ္စတော့မဟုတ်ပါဘူး။ ရိုးသားမှုဆိုတာ ဂုဏ်သိက္ခာဖြစ်ပါတယ်။ ရိုးသားသူဟာ လူတွေအကြားမှာ သိက္ခာအပြည့်နဲ့ ခေါင်းမတ်ပြီး နေနိုင်ပါတယ်။ အထူးသဖြင့် လုပ်ငန်းခွင်လိုနေရာမျိုးမှာ ကိုယ့်ရဲ့ ကိုယ်ကျင့်တရားက ကိုယ့်အကြောင်း ပြောနေပါစေ။ ရိုးသားလို့ အဆိုးဆုံးဖြစ်မယ့်အရာထဲမှာ တချို့အရာတွေ လက်လျှော့လိုက်ရကောင်း လိုက်ရနိုင်ပါတယ်။ ဒါပေမဲ့ ဒါဟာ ယောင်္ကျားတစ်ယောက်ကို အကောင်းဆုံးလူတစ်ယောက် ဖြစ်စေတဲ့ အဓိကအရာပဲ ဖြစ်ပါတယ်။
