ဘာစီလိုနာနည်းပြ ရော်နယ်ကိုးမန်းဟာ ပီအက်စ်ဂျီအသင်းကစားသမားတွေနဲ့ အသင်းတာဝန်ရှိသူတွေက လီယွန်နယ်မက်ဆီအကြောင်း ပြောဆိုနေတာကို စိတ်ပျက်နေခဲ့ပါတယ်။
ရော်နယ်ကိုးမန်းက ပီအက်စ်ဂျီအသင်းဟာ ဘာစီလိုနာကြယ်ပွင့် လီယွန်နယ်မက်ဆီအကြောင်း ဆက်လက်ပြောဆိုမှုတွေ ပြုလုပ်နေတာက လေးစားမှုမရှိတာဖြစ်တယ်လို့ စွပ်စွဲပြောကြားခဲ့ပါတယ်။ အသက် ၃၃ နှစ်အရွယ် အာဂျင်တီးနားကြယ်ပွင့်ဟာ ယခုရာသီကုန်မှာ ဘာစီလိုနာအသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးတဲ့အချိန်ကျရင် ပီအက်စ်ဂျီအသင်းကို ပြောင်းရွှေ့ဖို့ သတင်းတွေအခိုင်အမာထွက်ပေါ်နေခဲ့တာဖြစ်ပြီး ဒီမာရီယာဟာ မက်ဆီအကြောင်းဆွေးနွေးခဲ့တဲ့ ပီအက်စ်ဂျီအသင်းနဲ့ ဆက်စပ်နေတဲ့ နောက်ဆုံးလူပုဂ္ဂိုလ်ဖြစ်လာခဲ့တာဖြစ်ပါတယ်။

Photo: Goal
ပီအက်စ်ဂျီအသင်းနည်းပြ ပိုချက်တီနို၊ အားကစားဒါရိုက်တာ လီယိုနာဒိုနဲ့ နေမာတို့အားလုံးကလည်း အာဂျင်တီးနားတိုက်စစ်မှူးအကြောင်းကို ပြီးခဲ့တဲ့လတွေမှာ ထုတ်ဖော် ပြောကြားခဲ့ကြတာဖြစ်ပါတယ်။ နိုင်းမ်စ်အသင်းကို ၃-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ ဗုဒ္ဓဟူးနေ့ပွဲစဉ်မှာ အဖွင့်ဂိုးကို သွင်းယူနိုင်ခဲ့ပြီးနောက် ယခုရာသီမှာ အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မယ့် ဒီမာရီယာက ၎င်းရဲ့လက်ရွေးစင်အသင်းဖော် မက်ဆီကို ပီအက်စ်ဂျီအသင်းက ခေါ်ယူနိုင်ခြေနဲ့ပတ်သက်ပြီး ပြောကြားခဲ့တာဖြစ်ပါတယ်။
“ကျွန်တော် ပီအက်စ်ဂျီနဲ့ စာချုပ်သစ် ချုပ်နိုင်ဖို့ မျှော်လင့်ပါတယ်။ မက်ဆီနဲ့ အတူတူ တွဲကစားဖို့လား။ ကစားချင်တာပေါ့၊ မျှော်လင့်မိပါတယ်။ အများကြီး ဖြစ်နိုင်ခြေတွေရှိနေတယ်လို့ ကျွန်တော် ထင်တယ်”

Photo: football-espana
“ကျွန်တော် စိတ်အေးအေးထားပြီး ကိုယ့်ကိစ္စတွေအကြောင်း စဉ်းစားပြီး ပဲရစ်မှာ ဆက်နေဖို့ လုပ်သွားမှာပါ။ ဘာလို့လဲဆိုတော့ ကျွန်တော် ဒီမှာ အရမ်းပျော်ရွှင်နေလို့ပါ”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။ ဘာစီလိုနာအသင်းနည်းပြ ကိုးမန်းက ၎င်းရဲ့ကြယ်ပွင့်ကစားသမားအကြောင်းကို လီဂူးဝမ်းထိပ်သီးအသင်းက ပြောဆိုနေတာကို စိတ်ကုန်နေပြီး ဂရာနာဒါနဲ့ ကစားခဲ့တဲ့ ကိုပါဒယ်ရေး ကွာတားဖိုင်နယ်မှာ အံ့အားသင့်ဖွယ် ပြန်လာနိုင်ခဲ့ပြီးနောက် ပီအက်စ်ဂျီကို ပြစ်တင်ဝေဖန်လိုက်တာဖြစ်ပါတယ်။
“မက်ဆီအကြောင်းကို ပီအက်စ်ဂျီအသင်းက လူတွေအများအပြားက ပြောဆိုနေကြတာက လေးစားမှုမရှိတာပါ။ သူတို့တွေက ချန်ပီယံလိဂ်ပွဲကို ပိုပြီး စိတ်လှုပ်ရှားစရာကောင်းလာအောင် လုပ်နေတာပါ။ မက်ဆီက ဘာစီလိုနာကစားသမားအဖြစ် ရှိနေတုန်းပါ”လို့ ပြောကြားခဲ့ပါတယ်။
