မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူးဟောင်း ဒီမီတာ ဘာဘာတော့ဗ်က မန်ချက်စတာယူနိုက်တက်မှာ ဗန်ဒီဘိခ်အနေနဲ့ ဆက်လက်ပြီး အရိပ်မိုးခြင်းခံနေရလိမ့်မယ်လို့ ဟောကိန်းထုတ်ခဲ့ပြီး အဲဒါက မကြာမီအချိန်အတွင်း ၎င်းရဲ့အနာဂတ်အတွက် ပြောဆိုမှုတွေကို ပိုပြီး ပြင်းထန်လာစေလိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။

Photo: Metro
ဘာဘာတော့ဗ်က ယခုရာသီ မက်တော်မီနေးရဲ့ စွမ်းဆောင်ရည်က ဒတ်ချ်ကွင်းလယ်ကြယ်ပွင့်အတွက် သတင်းကောင်းမဟုတ်ဘူးလို့ ထင်မြင်နေပြီး ဗန်ဒီဘိခ်ရဲ့ စိတ်ပျက်မှုတွေက ဆက်လက်ကြီးထွားလာလိမ့်မယ်လို့ မျှော်မှန်းထားပါတယ်။ ဗန်ဒီဘိခ်ဟာ ပြီးခဲ့တဲ့နွေရာသီမှာ ပေါင်သန်း ၄၀ နဲ့ အေဂျက်အသင်းကနေ ပြောင်းရွှေ့လာခဲ့သူဖြစ်ပေမယ့် အိုးထရက်ဖို့ဒ်မှာ ပွဲထွက်ခွင့် အကန့်အသတ်နဲ့သာ ရရှိနေခဲ့တာဖြစ်ပြီး ဘာဘာတော့ဗ်က လာမယ့်ရာသီမတိုင်မီ ဒတ်ချ်ကွင်းလယ်ကစားသမားက ၎င်းရဲ့အနာဂတ်ကို စဉ်းစားလာလိမ့်မယ်လို့ ခန့်မှန်းခဲ့ပါတယ်။
“မက်တော်မီနေးရဲ့ အောင်မြင်မှုက ဗန်ဒီဘိခ်အတွက်တော့ သတင်းကောင်းမဟုတ်ပါဘူး။ ကံဆိုးစွာနဲ့ပဲ သိပ်မကြာမီကာလအတွင်းမှာ သူ့အတွက် အခြေအနေတွေပြောင်းလဲဖို့ ကျွန်တော် မမြင်ပါဘူး။ သူ့အနေနဲ့ မတူညီတဲ့ပြိုင်ပွဲမှာ ၁ ပွဲ၊ ၂ ပွဲလောက်တော့ ပွဲထွက်ကစားခွင့်ရလိမ့်မယ်။ သူ အဲဒီအခြေအနေနဲ့ပတ်သက်ပြီး မပျော်မရွှင်ဖြစ်နေမယ်ဆိုတာ ကျွန်တော် လုံးဝသေချာပါတယ်။ သူ ဒီရာသီကုန်မှာ အသင်းနဲ့ ပြောဆိုမှုအချို့ ပြုလုပ်လိမ့်မယ်လို့ ကျွန်တော် မျှော်မှန်းထားတယ်။ ဘာလို့လဲဆိုတော့ သူ နောက်ရာသီကို ဒီတိုင်းကြီး ဆက်သွားချင်မှာမဟုတ်လို့ပါ”

Photo : Awoof Sports
“အဲဒါက ကံဆိုးမှုဖြစ်ပြီး တစ်ခါတလေ ဘောလုံးက အဲဒီလိုပဲ။ ကျွန်တော် သူ ကစားတာကို မြင်ချင်ပါတယ်။ ဒါပေမယ့် အခုအချိန်မှာတော့ အဲဒါက ဖြစ်လာလိမ့်မယ်လို့ မမြင်ပါဘူး”လို့ ပြောကြားခဲ့ပါတယ်။
