ချဲလ်ဆီးအသင်းနည်းပြဟောင်း ဖရန့် လမ်းပတ်ဟာ ပြီးခဲ့တဲ့ဇန်နဝါရီလမှာ နည်းပြရာထူးကနေ ထုတ်ပယ်ခြင်းခံခဲ့ရပေမယ့်လည်း ချဲလ်ဆီးအသင်းရဲ့ လစာပေးချေမှုကို ခံနေရဆဲဖြစ်တယ်လို့ သိရပါတယ်။

Photo: The Standard

The Sun ရဲ့ ဖော်ပြချက်အရ ချဲလ်ဆီးအသင်းဟာ ထုတ်ပယ်ခဲ့တဲ့ နည်းပြဟောင်းကို ပေးချေရမယ့် ကြီးမားတဲ့လျော်ကြေးပမာဏကို လျှော့ချနိုင်ဖို့အတွက် တစ်ပတ်လုပ်ခလစာ ပေါင် ၇၅၀၀၀ ကို ဆက်လက်ပေးချေနေတာဖြစ်ပြီး ပေါင် ၁.၈ သန်းအထိ ရရှိလိမ့်မယ်လို့ သိရပါတယ်။ လမ်းပတ်အနေနဲ့ ချဲလ်ဆီးအသင်းနည်းပြအဖြစ် တစ်ပတ်လုပ်ခလစာ ပေါင် ၇၅၀၀၀ ကို လာမယ့်ဇူလိုင်လအထိ ရရှိနေမှာဖြစ်ပေမယ့် အဲဒီအချိန်မတိုင်မီ နောက်ထပ်နည်းပြအလုပ်ကို ရှာတွေ့ခဲ့မယ်ဆိုရင်တော့ လစာရရှိတော့မှာမဟုတ်ဘူးလို့ သိရပါတယ်။

အသက် ၄၂ နှစ်အရွယ် ချဲလ်ဆီးဂန္တဝင်ကစားသမားဟာ မကြာသေးမီက ဘုန်းမောက်အသင်းနည်းပြရာထူးအတွက် သတင်းတွေ ထွက်ပေါ်ခဲ့ပြီး အဲဒီအလုပ်ကို ကိုယ်တိုင် ငြင်းပယ်ခဲ့တာဟာ အဲဒီအလုပ်ကိုသာ လက်ခံခဲ့မယ်ဆိုရင် သိသာထင်ရှားတဲ့ဘဏ္ဍာရေးဆိုင်ရာထိခိုက်မှုတွေဖြစ်လာနိုင်တာနဲ့ ဆက်စပ်နေတယ်လို့ သိရပါတယ်။

Photo : Forbes

ဒါကြောင့် လာမယ့်နွေရာသီမတိုင်မီ အသင်းတစ်သင်းက လမ်းပတ်ကို နည်းပြရာထူးအတွက် သိသာထင်ရှားတဲ့ ကမ်းလှမ်းမှုတွေ ပြုလုပ်လာမှသာ ချဲလ်ဆီးအသင်းအနေနဲ့ အိတ်စိုက်ရတဲ့အခြေအနေက လွတ်မြောက်ဖွယ်ရှိနေတာဖြစ်ပါတယ်။