မိမိတစ်ဦးတစ်ယောက်တည်းအတွက်သာ ကြည့်တက်တဲ့ တစ်ကိုယ်ကောင်းသူတွေကို လူ့အဖွဲ့အစည်းက မနှစ်သက်ကြပါဘူး။ တစ်ကိုယ် ကောင်းဆန်ခြင်းဆိုတာဟာ တခြားသူတွေနဲ့ ပတ်ဝန်းကျင်အတွက်သာမက မိမိကိုယ်ကိုပါ ပျက်စီးစေနိုင်တဲ့ အပြုအမူ တစ်ရပ်ဖြစ်ကြောင်း လက်ခံထားကြပါတယ်။ သင့်အနေနဲ့လည်း စကားလုံးနှင့် အပြုအမူ နှစ်ရပ်စလုံးမှာ တစ်ကိုယ်ကောင်းဆန်ခြင်းလုပ်ရပ်တွေ ပြုမူနေမိတယ်ဆိုရင် အမြန်ဆုံးသတိထားဆင်ခြင်မိဖို့ လိုပါလိမ့်မယ်။ ဒီနေ့မှာတော့ တစ်ကိုယ်ကောင်းဆန်သူတစ်ဦးဖြစ်ခြင်းကို ရပ်တန့်နိုင်မယ့် နည်းလမ်းကောင်းတချို့ကို ပြောပြပေးချင်ပါတယ်။

(၁) နားထောင်တက်ဖို့ သင်ယူပါ

Source : Verywell Mind

တစ်ကိုယ်ကောင်းဆန်ခြင်းကိုရပ်တန့်ဖို့ အရင်ဆုံးနားထောင်ပေးတက်တဲ့အလေ့အကျင့်ကို မွေးမြူဖို့လိုအပ်ပါတယ်။ တခြားသူတွေနဲ့ ပြောဆိုဆက်ဆံတဲ့အခါ ဂရုတစိုက်နားထောင်ပေးတက်ခြင်းက လေးစားမှုကိုပြသရာရောက်သလို ယဉ်ကျေးမှုရှိတဲ့ အပြုအမူကောင်းတစ်ခုလည်း ဖြစ်ပါတယ်။ ဒါကြောင့် လူတွေနဲ့ များများ ထိတွေ့ပြောဆိုဆက်ဆံပါ။ နားထောင်ပေးပါ။ စကားဖြတ်ပြောမျိုးမလုပ်ပဲ ကိုယ်ပြောရမယ့်အလှည့်ကိုစောင့်ဆိုင်းပါ။

(၂) တခြားသူတွေအတွက်ချန်ပေးပါ

Source : Medium

နောက်လူအတွက် ချန်ပေးတက်တဲ့အကျင့်က လူသားဆန်ပြီး တစ်ကိုယ်ကောင်းဆန်ခြင်းကင်းတဲ့ အပြုအမူကောင်းတစ်ခုဖြစ်ပါတယ်။ ဘယ်အရာပဲဖြစ်ဖြစ် ရနိုင်သမျှအားလုံးကို ယူလိုက်မယ်ဆိုတဲ့ စိတ်မျိုးမမွေးပဲ တကယ်လိုအပ်တဲ့သူတွေအတွက်လည်း ချန်ထားပေးသင့်ပါတယ်။ အသေးအမွှားကိစ္စဖြစ်တဲ့ သန့်စင်ခန်းသုံးစက္ကူယူတာကအစ မိမိလိုအပ်သလောက်ကိုပဲယူပါ။ အပိုအနေနဲ့ အနည်းငယ်ထပ်ဆောင်းယူပါ။ သို့သော်အားလုံးကိုတော့ မယူပါနဲ့။ သင့်လိုပဲ တကယ်လိုအပ်နေသူတွေရှိသေးတယ်ဆိုတာ မမေ့သင့်ပါဘူး။

(၃) ဝေမျှပါ

Source : Science of Zen

ဝေမျှတက်တဲ့အလေ့အကျင့်က တစ်ကိုယ်ကောင်းဆန်ခြင်းမရှိဘူးဆိုတာကို မီးမောင်းထိုးပြနေတဲ့ အချက်တစ်ခုပါပဲ။ မိမိတစ်ကိုယ်တည်း အဆင်ပြေနေဖို့ကိုမကြည့်ပဲ အကူညီလိုအပ်နေသူတွေကိုပါ ဝေမျှတာ အကူညီပေးတာက မင်္ဂလာတစ်ပါးလို့ ဆိုနိုင်ပါတယ်။ ဒီလိုဝေမျှတက်ခြင်းက သင့်ကို တစ်ကိုယ်ကောင်းဆန်သူတစ်ယောက်အဖြစ်မှ ရပ်တန့်စေမှာဖြစ်ပြီး အလေ့အကျင့်ရလာတဲ့အချိန်မှာ အရင်ကထက်ပိုမိုပျော်ရွှင်တဲ့ ဘဝတစ်ခုကိုပိုင်ဆိုင်လာနိုင်မှာ ဖြစ်ပါတယ်။

(၄) သင့်လုပ်ဆောင်ချက်တွေကို ပြန်လည်သုံးသပ်ပါ

Source : Love Devani

ကိုယ့်ကိုယ်ကို များများပြန်လည်သုံးသပ်မိလေ သင့်ရဲ့ရည်မှန်းချက်ပန်းတိုင်ကို မြန်မြန်ရောက်လေဖြစ်ပါတယ်။ ကိုယ်က တစ်ကိုယ်ကောင်းဆန်သူတစ်ယောက်အဖြစ်မှ ရပ်တန့်ဖို့ ဆုံးဖြတ်ထားတယ်ဆိုရင် တစ်နေ့တာမှာ ကိုယ်ရဲ့လုပ်ဆောင်ချက်တွေကို ပြန်လည်သုံးသပ်ကြည့်ပေးပါ။ ဒါဆိုသင့်အနေနဲ့ ထင်သာမြင်သာမရှိတဲ့ တချို့သောတစ်ကိုယ်ကောင်းတဲ့လုပ်ရပ်အသေးလေးတွေကိုပါ သတိထားမိလာနိုင်ပြီး တစ်ကိုယ် ကောင်းဆန်ခြင်းကို ထိထိရောက်ရောက်ရပ်တန့်လာနိုင်ပါလိမ့်မယ်။