ဘဝဆိုတာ အမြဲတမ်းအဆင်ပြေလွယ်ကူနေမှာတော့ မဟုတ်ပါဘူး။ သို့သော် အခက်အခဲဆုံးအချိန်တွေမှာ မှီခိုနိုင်မယ့် ပခုံးတစ်ဖက်ရှိထားမယ်ဆိုရင် အမှောင်မိုက်ဆုံးအချိန်တွေကိုတောင် အလွယ်ကူဆုံး ကျော်ဖြတ်သွားနိုင်မှာပါ။ အမျိုးသားတိုင်းလိုလိုဟာလည်း ကိုယ်ချစ်တဲ့မိန်းကလေးပျော်ရွှင်ဖို့ကိုသာလိုလားကြပြီး သူမအားငယ်နေချိန်မှာ မှီခိုနိုင်မယ့် ပခုံးတစ်ဖက်အဖြစ်ရှိချင်ကြတာပါ။ ဒီတော့ ကိုယ့်ချစ်သူကောင်မလေး ဝမ်းနည်းနေချိန်မှာ သူမပြုံးပျော်လာအောင် သင့်အနေနဲ့ ဘာတွေလုပ်ပေးနိုင်သလဲဆိုတာ အောက်ကအချက်လေးတွေမှာ လေ့လာကြည့်လိုက်ရအောင်။

Source : istock

(၁) မိန်းကလေးတစ်ယောက် ဝမ်းနည်းနေချိန်မှာ အဓိကအားဖြင့်လိုအပ်တာတစ်ခုက သူတို့ကိုအချိန်ပေးပြီး စကားပြောပေးမယ့် စကားဖော်တစ်ယောက်ပါ။ သူမရဲ့ခံစားချက်တွေ ရင်တွင်းစကားသံတွေကိုနားထောင်ပေးပြီး နှစ်သိမ့်ဆွေးနွေးပေးစေချင်ကြပါတယ်။ ဒါကြောင့် သူမဝမ်းနည်းနေချိန်မှာ အနားမှာနေပြီး သူမရဲ့ခံစားချက်တွေကို စိတ်ရှည်ရှည်နားထောင်ပေးပါ။

(၂) ပွေ့ဖက်ခြင်းက လူတစ်ယောက်ရဲ့နာကျင်မှုဝေဒနာတွေကိုလျော့ကျစေပြီး ခံစားမှုပြန်လည်ကောင်းမွန်စေတဲ့ အထိရောက်ဆုံးနည်းလမ်းတစ်ခုဖြစ်ပါတယ်။ ရုပ်ပိုင်းဆိုင်ရာထိတွေ့ ပွေ့ဖက်ခြင်းဟာ စိတ်ပိုင်းဆိုင်ရာပံ့ပိုးမှုပေးနိုင်တဲ့အတွက် သူမဝမ်းနည်းနေချိန်မှာ ပွေ့ဖက်ပြီး နှစ်သိမ့်ပေးလိုက်ပါ။

(၃) ကိုယ့်ချစ်သူကောင်မလေး ဝမ်းနည်းနေချိန်မှာ သူမရဲ့ခံစားမှုတွေကို ပြောင်းလဲသွားစေမယ့် အရာတစ်ခုခုနဲ့ အာရုံပြောင်းပေးလိုက်ပါ။ ဥပမာ သူမ မရောက်ဖူးသေးတဲ့နေရာသစ်တစ်ခုကို ခေါ်သွားတာမျိုး ၊ ရိုမန်တစ်ဆန်တဲ့ ညစာစားပွဲတစ်ခု စီစဉ်ပေးတာမျိုးပေါ့။ သူမရဲ့ခံစားချက်တွေအပြောင်းအလဲဖြစ်စေပြီး ပျော်ရွှင်သွားစေမယ့် အရာလေးတွေကို လုပ်ဆောင်ပေးပါ။

Source : Unsplash

(၄) လူတစ်ယောက်အတွက် အရာရာတိုင်းကို အမှောင်ထုဖုံးလွှမ်းနေချိန်မှာ အပြုသဘောဆောင်တဲ့ အလင်းရောင်ခြည်ရဖို့ မဖြစ်မနေလိုအပ်ပါတယ်။ ဒါကြောင့် သင့်ချစ်သူကောင်မလေး ဝမ်းနည်းနေချိန်မှာ သူမရဲ့အပြုသဘောဆောင်တဲ့စွမ်းအားတွေကို မြင့်တင်ပေးသင့်ပါတယ်။ သူမရဲ့ အားသာချက်တွေ ၊ အကောင်းမြင်စိတ် ၊ ယုံကြည်မှု စတဲ့ သူမပိုင်ဆိုင်ထားတဲ့ အပြုသဘောဆောင်တဲ့အရာတွေကို များများပြောပြပေးပါ။

(၅) ရယ်မောခြင်းက ဝမ်းနည်းခြင်းကိုတိုက်ထုတ်နိုင်တဲ့ အကောင်းဆုံး ဆေးတစ်ခွက်ပါပဲ။ ဒါကြောင့် သူမပျော်ရွှင်လာအောင် ပြုံးလာအောင် သင့်အနေနဲ့ ဟာသလေးတွေပြောပြပေးပါ။ အရင်ကအတူတူလုပ်ဖူးတဲ့ အလွဲလေးတွေ ရယ်စရာအခိုက်အတန့်လေးတွေကို ပြန်ပြောင်းသတိရလာအောင် ပြန်လည်နှိုးဆွပြောပြပေးပါ။