ကိုယ့်ကောင်မလေးက စိတ်ဆိုးစိတ်ကောက်နေတာ ဝမ်းနည်းနေတာလောက် စိတ်ကျဉ်းကြပ်တာမရှိပါဘူး။ သင့် ကောင်မလေး စိတ်ဆိုးစိတ်ကောက်နေရတဲ့ အကြောင်းအရင်းကို သိရင်တော့ ချော့ရတာလွယ်ပေမယ့် ဘာကို စိတ်ကောက်နေမှန်းမသိရင်တော့ သင့်အတွက်လည်း စိတ်ရှုပ်ရပါလိမ့်မယ်။ သင်က သူစိတ်ဆိုးနေတာတောင် မသိဘူးလား။ မချော့ရကောင်းလားဆိုပြီး ပစ်ထားမယ်ဆိုရင် သူ့ရဲ့ဒေါသက ပိုပေါက်ကွဲလာပါလိမ့်မယ်။
ဒါဆိုရင် ကိုယ့်ကောင်မလေးက ဘာကို ကောက်လို့ကောက်မှန်းမသိဘူးဆိုတဲ့ ဘော်ဒါတွေအတွက် ချော့နည်းပေါင်းချုပ်လေးတေေွကို ဝေမျှပေးချင်ပါတယ်။
ပန်းပေးပါ
ပန်းပွင့်လေးတွေက အပြုံးပန်းများ ဆောင်ကျဉ်းပေးနိုင်ပါတယ်။ စိတ်ကောက်နေတဲ့ ကောင်မလေးကို ပန်းပွင့်များ လက်ဆောင်ပေးခြင်းအားဖြင့် စိတ်နှလုံးနူးညံ့သွားအောင် ပြုလုပ်နိုင်ပါတယ်။ ဒါဆိုရင် သူ ဘယ်လောက်စိတ်ဆိုးဆိုး စိတ်ဆိုးပြေသွားပါလိမ့်မယ်။
သင့်ဘက်က စတင်ပြီး စကားပြောကြည့်ပါ
သင့် ကောင်မလေးက ဘာကို စိတ်ကောက်နေမှန်းမသိဘူးဆိုပြီး သင်ကိုယ်တိုင်ကလည်း သူနဲ့အပြိုင် လိုက်ချေနေလို့မရပါဘူး။ သင့်ရဲ့မာနကို ခဏဘေးဖယ်ထားပြီး စကားပြောကြည့်လိုက်ပါ။
စကားပြောကြည့်လိုက်မှ သူ စိတ်ကောက်ရခြင်းအကြောင်းအရင်းကို သိသွားပါလိမ့်မယ်။ သင့်အမှားကြောင့် သူ စိတ်ကောက်နေတာဆိုရင် တောင်းပန်ဖို့ ဝန်မလေးပါနဲ့။ သင့် အမှားမဟုတ်ဘဲ သူ့ဘာသာစိတ်ခုသွားတာဆိုရင်တော့ အကျိုးသင့်အကြောင်းသင့်ရှင်းပြပြီး သူမ စိတ်ကျေနပ်အောင် ပြုလုပ်ပေးလိုက်ပါ။
လက်ဆောင်ပေးပါ
လက်ဆောင်ပေးခြင်းကတော့ သူမကို လာဘ်ထိုးနည်းတစ်မျိုးပါပဲ။ “စိတ်မကောက်ပါနဲ့တော့ ကိုယ်အရှုံးပေးပါတယ်” ဆိုတဲ့ အဓိပ္ပာယ် သက်ရောက်တာကြောင့် သူမ မျက်နှာမှာ အပြုံးပန်း ချက်ချင်းပွင့်လန်းလာပါလိမ့်မယ်။
သူမ ရင်ဖွင့်တာကို နားထောင်ပါ
တခါတရံမှာ မိန်းကလေးတွေက သူမ ရင်ဆိုင်နေရတဲ့ ပြဿနာတွေအတွက် အဖြေ မလိုချင်ကြပါဘူး။ သူမ ရင်ဖွင့်တာကို ဂရုတစိုက်နားထောင်ပေးတာမျိုးပဲ လိုချင်ကြတာပါ။ ဒါကို သင်က နားမလည်ဘဲ ပုစ္ဆာအတွက် ဖြေရှင်းချက်တွေ အကြံဉာဏ်တွေ ပေးလိုက်မယ်ဆိုရင် သူမက နားပူသွားပြီး အပူပေါ် အပူဆင့်သလို ဖြစ်သွားပါလိမ့်မယ်။
ထိုအခြေအနေမျိုးမှာ သင် ပြုလုပ်ပေးရမယ့်အရာကတော့ အာရုံမများဘဲ သူမ ရင်ဖွင့်တာကိုသာ ဂရုတစိုက်နားထောင်ပေးလိုက်ပါ။ သူမ ရင်ဖွင့်လို့ဝပြီး စိတ်ပေါ့သွားတဲ့အခါ သူ့ဘာသာ ငြိမ်ကျသွားပါလိမ့်မယ်။
မုန့်ဝယ်ကျွေးပါ
သင့်ချစ်သူက အစားတလိုင်းကောင်မလေးဆိုရင်တော့ ဒီနည်းက အထိရောက်ဆုံးပါပဲ။ အခုဆိုရင် အိမ်အရောက် Delivery ဝန်ဆောင်မှုတွေကလည်း ကောင်းလာပြီဆိုရင် သင့်ဘက်က မှာပေးလိုက်တာနဲ့ သူမဆီ ချက်ချင်းတန်းရောက်သွားပါလိမ့်မယ်။ သူမ ဗိုက်လည်း ဝရော စိတ်ကောက်လည်း ပြေသွားရောပေါ့။
ဟာသဉာဏ်ရွှင်ပါ
တင်းပါများရင် ကြိုးက ပြတ်သွားသလိုပဲ၊ သူလည်းစိတ်ကောက် သင်လည်း စိတ်ကောက်ဆိုရင် အခြေအနေမဟန်ပါဘူး။ သူမ စိတ်ကောက်နေတဲ့အချိန်မှာ ဟာသတွေပြောပြီး အရွှန်းဖောက်ကြည့်ပါ။ ဟက်ဟက်ပက်ပက် မရယ်ရင်တောင်မှ သူမ မျက်နှာမှာ ပြုံးရိပ်သမ်းလာပါလိမ့်မယ်။ ဒါဆိုရင် သင့်ဘက်က ချောရတာ လွယ်သွားပါပြီ။
ဘော်ဒါတို့အားလုံး ဒီနည်းလမ်းတွေအသုံးပြုပြီး အထာကျကျ ချော့နိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်။
Source: Fnp.ae