ပညာရပ်တစ်ခုခု ကျွမ်းကျင်သူတွေ ၊ ဗဟုသုတအားကောင်းသူတွေ နဲ့ ထက်မြက်သူတွေမှာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ပိုရှိကြတယ်လို့ ဆိုပါတယ်။ အနည်းဆုံး Gym ကိစ္စပဲ စဉ်းစားကြည့် ရအောင် ။ ပထမဆုံးအကြိမ် Gym လာကစားတဲ့ သူတစ်ယောက်ဟာ ဘာလုပ်ရမှန်းမသိဖြစ်ပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုလည်း နည်းနေမှာပါပဲ။ နောင် အကြိမ်ပေါင်းများစွာ Gym သွားကစားဖြစ်ရင် Gym မှာ အသားကျသွားပြီး ကိုယ့်ရဲ့ Second Nature လိုပါ ဖြစ်လာနိုင်ပါတယ်။
ဒီတော့ Confidence ဆိုတာ တစ်ခုခုကို ပိုင်ပိုင်နိုင်နိုင်သိထားမှ ဖြစ်လာတာမျိုးလို့ ဆိုနိုင်ပါတယ်။ တစ်ခါတလေမှာလည်း ကိုယ့်မှာ အစွမ်းအစ ရှိရက်သားနဲ့ Confidence ကျနေတာမျိုး ဖြစ်တတ်ပါတယ်။ ဥပမာ- ကိုယ်လုပ်ခဲ့တဲ့ ကိစ္စတွေအတွက် လိပ်ပြာမလုံတာမျိုး ဖြစ်ပါတယ်။ ဒါက ကိုယ်ကျင့်တရားနဲ့ ဆိုင်ပါတယ်။ လူတွေအကြားမှာ ခေါင်းမော့သွားနိုင်ဖို့ သိက္ခာအပြည့်နဲ့ နေနိုင်ဖို့ ကိုယ်ကျင့်တရားမရှိရင် မဖြစ်ပါဘူး။

Photo: Freepik
တစ်ခါတလေမှာ အရှုံးတွေ ၊ အမှားတွေကို လက်မခံဘဲ ငြင်းဆန်နေရင်လည်း ယုံကြည်မှုအပြည့်နဲ့ နေနိုင်ဖို့ ခက်ပါတယ်။ အမှားတွေကို ဝန်ခံဖို့ဆိုတာ တော်ရုံ သတ္တိလောက်နဲ့ မရပါဘူး။ ကိုယ်မှားနေတာကို မှားမှန်းသိပြီး အမှားကနေ ဘယ်လို သင်ယူရမလဲဆိုတဲ့ သင်ခန်းစာကို မကျေညက်ခဲ့ရင် ရှေ့ဆက်သွားမယ့်ဘဝမှာ ယုံကြည်မှုနဲ့ လျှောက်လှမ်းနိုင်ဖို့ ခက်ပါတယ်။ ယုံကြည်မှုအပြည့်နဲ့ နေနိုင်ဖို့ အရင်ဆုံး မှားခဲ့တာကို ပြန်ကုစားလိုက်ပါ။
တချို့ဖြစ်တတ်တာက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိလာဖို့ တခြားသူတွေနဲ့ နှိုင်းယှဉ်နှိမ့်ချနေမိတာပါပဲ။ အခုခေတ်က တစ်ခြားသူတွေနဲ့ Compare လုပ်ဖို့ ပိုလို့တောင် လွယ်တဲ့ ခေတ်ဖြစ်ပါတယ်။ လူမှုကွန်ရက်တွေပေါ်မှာ ကြည့်ပါ။ အဝတ်အစားသစ်တွေ ပြိုင်ဝတ်ပြီး ဓါတ်ပုံလှလှရိုက်တင်မယ်။ လူတိုင်းမစားနိုင်တဲ့ တန်ဖိုးကြီး အစားအသောက်တွေနဲ့ တွဲရိုက်ပြီး ကိုယ့်ကိုယ်ကိုယ် ဂုဏ်ခံမယ်။
နောက်ဆုံးပေါ် အသုံးအဆောင်တွေ သုံးနိုင်မှ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိတယ်ဆိုတဲ့ အထင်ဟာ တကယ့် Confidence စစ်စစ်မဟုတ်ပါဘူး။ ဒါဟာ ကိုယ့်သိမ်ငယ်စိတ်ကို သက်သာအောင် လှည့်ဖျားထားတဲ့ လုပ်ဆောင်မှုတစ်ခုမျှသာပါပဲ။ တကယ် Confidence ရှိတဲ့သူဟာ ဘယ်သူနဲ့မှ သူ့ကိုယ်သူ နှိုင်းယှဉ်တာမျိုး မလုပ်ပါဘူး။ သူ့ရဲ့ အစွမ်းအစကိုပဲ ပိုချွန်အောင် မွန်အောင် ကြိုးစားတဲ့သူ ဖြစ်ပါတယ်။

Photo: Freepik
Confidence အားနည်းအောင် လုပ်နေမိတဲ့ နောက်ထပ် အမှားတစ်ခုက ကြောက်စိတ်က ခိုင်းတဲ့အတိုင်း လိုက်လုပ်နေမိတာပါပဲ။ ယုံကြည်မှုရှိတဲ့သူဟာ ကြောက်စိတ်ကို ကိုင်တွယ်နိုင်တဲ့သူ ဖြစ်ပါတယ်။ ကြောက်စိတ်က ကိုယ့်ကို ခိုင်းတာနောက် မလိုက်တဲ့သူ ဖြစ်ပါတယ်။ ကိုယ်ဖြစ်ချင်တဲ့ ရလဒ်ကို ဦးတည်ပါတယ်။ ကိုယ်ကြောက်နေတဲ့အရာကို အာရုံမစိုက်ပါဘူး။ ဒါကြောင့် ယုံကြည်မှုရှိချင်ရင် ကြောက်တဲ့အရာတွေကို ရင်ဆိုင်ပြီး ဦးနှိမ်နိုင်အောင် လေ့ကျင့်ပေးဖို့ လိုပါတယ်။
နောက်တစ်ချက်က အပေါင်းအသင်းနဲ့ ဆိုင်ပါတယ်။ ကိုယ်နဲ့ ပေါင်းသင်းနေတဲ့လူတွေက အဆိုးမြင်သမားတွေ များလေလေ ၊ Negative အမြင်/စကားတွေပဲ ကြားရလေလေ ကိုယ်ဟာ ပိုပြီး အဆိုးမြင်တဲ့သူ ဖြစ်လာလေလေပါပဲ။ အဆိုးမြင်တဲ့သူတစ်ယောက်ဟာ ကိုယ့်ကိုယ်ကိုယ် စိတ်ချယုံကြည်မှု Self-Confidence နည်းသထက် နည်းလာတတ်ပါတယ်။ နေ့စဉ်ဘဝမှာ ကိုယ့်ကိုယ်ကိုယ် ပိုပြီး ယုံကြည်မှု ရချင်ရင် ကိုယ့်ကို Confidence ကျအောင် လုပ်နေတဲ့ အတွေးတွေကို ဖျက်ပစ်ပါ။ အပေါ်မှာ ပြောခဲ့တဲ့ အမှားတွေလည်း ရှောင်ရှားပါလို့ ပြောချင်ပါတယ်။
