မနက်ခင်း အိပ်ရာနိုးထတဲ့အခါ စွမ်းအင်အပြည့်နဲ့ ရွှင်လန်းတက်ကြွနေပြီး စိတ်ကြည်ကြည်လင်လင်လေး ဖြစ်နေဖို့အတွက်ဆိုရင် အိပ်ရေးဝဖို့ လိုအပ်ပါတယ်။ အိပ်ရေးဝဝ အိပ်စက်နိုင်မှသာ နောက်တစ်နေ့အတွက် စွမ်းအင်ပြည့်ဝနေမှာဖြစ်ပြီး အကောင်းမြင်စိတ်များနဲ့ ပြည့်နှက်နေမှာပါ။

ဒီလိုပျော်ရွှင်ဖွယ်ကောင်းတဲ့ နေ့သစ်တစ်နေ့ပိုင်ဆိုင်နိုင်ဖို့အတွက်ဆိုရင်တော့ အိပ်ရာနိုးနိုးချင်းမှာ ရှောင်ကြဉ်သင့်တဲ့ အပြုအမူတချို့ရှိပါတယ်။

ငါးမိနစ်လောက်ပဲ ပြန်အိပ်လိုက်ပါမယ်လေ

ငါးမိနစ်လောက်လေးပဲ ပြန်အိပ်မယ်ဆိုပြီးတော့ ရုံးနောက်ကျတဲ့အဖြစ်မျိုးကို သင် ကိုယ်တိုင်ကြုံတွေ့ဖူးပါသလား။ ဒါဆိုရင်တော့ ဒီအကျင့်ဆိုးကို ရှောင်ကြဉ်သင့်ပါပြီ။

အမြဲတမ်း ရုံးနောက်ကျနေမယ်ဆိုရင် သင့်ရဲ့ပုံရိပ်က ကောင်းမှာမဟုတ်သလို အလုပ်ရှင်တွေရဲ့သင့်အပေါ် ယုံကြည်မှုက အစကတည်းက ပျက်ယွင်းသွားပါလိမ့်မယ်။

ရေချိုးရမှာ အပျင်းတစ်နေခြင်း

မနက်ခင်းမှာ ရေချိုးခြင်းက သင့်ကို လန်းဆန်းတက်ကြွစေပါတယ်။ ဒါ့အပြင် မနက်ခင်း ရေချိုးခြင်းကြောင့် တစ်နေ့တာလုံး ကြုံတွေ့ရတဲ့ ပြဿနာများကို ဖြေရှင်းပေးနိုင်မယ့် ဟော်မုန့်များကို ခန္ဓာကိုယ်က ထုတ်လုပ်ပေးနိုင်တယ်လို့ လေ့လာချက်များအရ သိရှိရပါတယ်။

ရေနွေးဖြင့် ရေချိုးခြင်း

မနက်ခင်းမှာ ရိုးရိုးရေ (သို့) ရေအေးနဲ့ပဲ ရေချိုးသင့်ပါတယ်။ ရေအေးနဲ့ ရေချိုးခြင်းကြောင့် အသားအရေ စိုပြေနေစေပြီး တစ်နေကုန် လန်းဆန်းတက်ကြွစေပါတယ်။ ဒါ့အပြင် ရေအေးနဲ့ နေ့စဉ်မှန်မှန်ရေချိုးပေးခြင်းက ကိုယ်အလေးချိန် လျော့ချဖို့ရန်အတွက် ကူညီပေးပါတယ်။ ရေနွေးနဲ့ ရေချိုးချင်သူများကတော့ ညအိပ်ရာဝင်ခါနီးမှ ချိုးသင့်ပါတယ်။

အိပ်ရာနိုးတာနဲ့ ချက်ချင်း ဖုန်းသုံးခြင်း

မျက်လုံးနှစ်လုံး ပွင့်တာနဲ့ ဖုန်းသုံးတဲ့အကျင့်ကို တတ်နိုင်သမျှ ရှောင်ကြဉ်ပါ။ ဖုန်းထဲမှာ မိမိဖတ်လိုက်ရတဲ့ သတင်းက စိတ်ပျော်စရာတွေလည်းရှိမယ် စိတ်ညစ်စရာတွေလည်း ရှိပါလိမ့်မယ်။ စိတ်ပျော်စရာဆိုရင်တော့ ကိစ္စ မရှိပေမယ့် သတင်းဆိုးများကတော့ သင့်ရဲ့တနေ့တာလုံးကို ဖျက်ဆီးပစ်လိုက်ပါပြီ။

ဒါ့ကြောင့် မနက်မိုးလင်းလာတဲ့အခါ မိမိလုပ်စရာရှိတာများကို အရင်လုပ်ပါ။ ပြီးမှ ဖုန်းသုံးသင့်ပါတယ်။

မနက်စာ စားပြီးပြီးချင်း သွားတိုက်ခြင်း

တချို့လူတွေရှိပါတယ်။ ညအိပ်ရာ ဝင်ခါနီးမှာ သွားတိုက်ထားတာပဲ မနက်စာ စားပြီးမှပဲ သွားတိုက်တော့မယ်ဆိုပြီး ပြုလုပ်တတ်ပါတယ်။ ထိုကဲ့သို့သော အလေ့အကျင့်ကိုလည်း ရှောင်ကြဉ်သင့်ပါတယ်။

မနက်စာ မစားခင်ကတည်းက သွားတိုက်ထားပြီး တစ်နေ့ နှစ်ကြိမ် သွားတိုက်ပေးရုံနဲ့ လုံလောက်ပါပြီ။ အစား စားပြီးပြီးချင်း သွားတိုက်ခြင်းက သွားကြွေလွှာများကို ပျက်စီးစေပြီး သွားကျန်းမာရေးကို ထိခိုက်စေပါတယ်။

Photo Source: Freepik.com

Source: Brightside.me