သင် ဘယ်လိုလူလဲဆိုတာကို သင့်ရဲ့အပြုအမူ၊ အပြောအဆိုကနေ ဆုံးဖြတ်နိုင်ပါတယ်။ အထူးသဖြင့် လုပ်ငန်းခွင်မှာ အပြုအမူ၊ အပြောအဆိုက အင်မတန်မှာ အရေးကြီးပါတယ်။ မိမိအိမ်မှာ ဘယ်လိုပဲ ပြုမူနေထိုင်နေပါစေ လုပ်ငန်းခွင်ရောက်တဲ့အခါမှာတော့ လူကြီးလူကောင်းဆန်စွာ ပြုမူကျင့်ကြံရမှာဖြစ်ပြီး ထိုကဲ့သို့ ပြုမူမှသာလျှင် အောင်မြင်တဲ့ လုပ်ငန်းခွင်ဘဝကို ပိုင်ဆိုင်နိုင်မှာပါ။

လုပ်ငန်းခွင် ဝင်တဲ့အခါ အသေးအဖွဲလေးကအစ ဂရုစိုက်ရပါတယ်။ ဒါမှ ကိုယ့်အထက်လူကြီးက ကိုယ့်ကို ယုံယုံကြည်ကြည်နဲ့ အလုပ်အပ်မှာဖြစ်ပြီး ကိုယ့်ရဲ့တက်လမ်းအတွက် အထောက်အကူပြုမှာပါ။ သင့်အနေနဲ့ လုပ်ငန်းခွင်မှာ ရာထူးတက်ဖို့ ကြိုးစားနေတယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် အလေ့အကျင့်ကောင်းများကို မွေးမြူထားဖို့ လိုပါလိမ့်မယ်။

အချိန် လေးစားခြင်း

သင်က အလုပ်ရှင်ပဲဖြစ်ဖြစ်၊ ဝန်ထမ်းပဲဖြစ်ဖြစ်၊ အခုမှအလုပ်စဝင်တဲ့ ဂျုနီယာလေးပဲဖြစ်ဖြစ် ဘယ်နေရာမှာမဆို အချိန်ကို လေးစားဖို့ လိုအပ်ပါတယ်။ အလုပ်နဲ့ ပတ်သက်လာရင် နောက်ကျခြင်းက ရှောင်ရှားသင့်တဲ့ အပြုအမူပဲဖြစ်ပါတယ်။ လုပ်ငန်းခွင်ကို စောစောရောက်ခြင်း (သို့) အတိရောက်ခြင်းက သင်သည် အလုပ်အပေါ် စိတ်ဝင်စားနေကြောင်း ပြသနေပါတယ်။

ဝတ်ပုံစားပုံကို ဂရုစိုက်ခြင်း

ကိုယ့်လုပ်ငန်းခွင်က ဘယ်လိုအဝတ်အစား ဝတ်ဆင်ခြင်းကို ကန့်ကွက်ထားသလဲဆိုတာ သိထားသင့်ပါတယ်။ ထိုစည်းမျဉ်းစည်းကမ်းကို လိုက်နာခြင်းအားဖြင့် သင်က လုပ်ငန်းခွင်စည်းကမ်းကို လေးစားသူတစ်ယောက်ဖြစ်ကြောင်း ဖော်ပြနေပါတယ်။

လုပ်ဖော်ကိုင်ဖက်များကို နာမည်ကို မှတ်သားထားခြင်း

ပျော်ရွှင်ဖွယ်ကောင်းတဲ့ လုပ်ငန်းခွင်ပတ်ဝန်းကျင်ရဲ့ လျှို့ဝှက်ချက်တစ်ခုကတော့ လုပ်ဖော်ကိုင်ဖက်များနဲ့ သင့်သင့်မြတ်မြတ်နေထိုင်ခြင်းပဲဖြစ်ပါတယ်။ ကိုယ်က အခြားသူတစ်ယောက်ကို ဘယ်လောက်ပဲ ကြည့်မရတယ် ဆိုထားဦးတော့ ကိုယ့်စိတ်ထဲမှာပဲထားပါ။ ကိုယ့်ရဲ့စိတ်ခံစားချက်ကို ထုတ်မပြပါနဲ့။ လုပ်ဖော်ကိုက်ဖက်များနဲ့ ရင်းရင်းနှီးနှီးနေခြင်းအားဖြင့် သင် တစ်ချိန်မှာ ခေါင်းဆောင်ဖြစ်လာတဲ့အခါ အသုံးတည့်ပါလိမ့်မယ်။

နာမည်ကောင်း မယူခြင်း

အသင်းအဖွဲ့နဲ့ အလုပ်လုပ်တဲ့အခါ အသင်းအဖွဲ့စိတ်ဓာတ် ရှိဖို့လိုအပ်ပါတယ်။ ကိုယ့်တစ်ယောက်တည်း နာမည်ကောင်း ယူလိုက်တဲ့အခါ နောင်တစ်ချိန်မှာ သင်နဲ့ ဘယ်သူမှ တွဲပြီး အလုပ်လုပ်ချင်မှာ မဟုတ်တော့ပါဘူး။

အလုပ်ချိန် ဒေါင်ခနဲ မြည်တာနဲ့ ထပြန်သွားခြင်း

အလုပ်ချိန် ကွက်တိ ရောက်ခြင်းက ကောင်းပေမယ့် အလုပ်ချိန် ကွက်တိမှာ ပြန်တာကတော့ မကောင်းပါဘူး။ ဆယ်မိနစ်၊ ဆယ့်ငါးမိနစ်လောက် နည်းနည်းနောက်ကျပြီးနေကာ အလုပ်လုပ်ပြလိုက်ပါ။ ဒါဆိုရင်တော့ သင့်ရဲ့အလုပ်အပေါ် စိတ်ပါဝင်စားမှုကို ဖော်ပြပေးရာ ရောက်ပါတယ်။

ဒီအချက်များကို လိုက်နာမယ်ဆိုရင်တော့ အချိန်တိုလေးအတွင်းမှာ ရာထူးတက်သွားပါလိမ့်မယ်။

Photo Source: Freepik.com

Source: Listovative.com