အဝတ်အစားဝယ်ရင် အရောင်ရွေးမှန်ဖို့ကလည်း သိပ်အရေးကြီးပါတယ်။ လူအတော်များများက အင်္ကျီဘောင်းဘီ ဝတ်လာတာကို ကြည့်ရင် ဘယ်တံဆိပ်လဲဆိုတာထက် ဘယ်လို အရောင်အသွေးလဲဆိုတာ အရင်သတိပြုမိကြပါတယ်။ Suit လိုမျိုး Formal Dress တွေမှာ အမျိုးအစား ဘယ်လောက်ကောင်းကောင်း ကိုယ့်အသားအရောင်နဲ့ လိုက်ဖက်မှ တန်ဖိုးတက်တာ ဖြစ်ပါတယ်။

ဒါကြောင့် Suit အရောင် မရွေးခင် ကိုယ်က ဘယ်လို အသားအရည်ပိုင်ရှင်လဲဆိုတာ အရင် နားလည်ဖို့ လိုပါတယ်။ ကိုယ်က အသားဖြူ အသားလတ်တဲ့သူလား ၊ မဖြူမညိုလောက်ပဲလား ၊ အသားညိုတဲ့သူလား ကြည့်ပါ။ ပုံမှန်အားဖြင့်တော့ Suit ကာလာတွေဟာ မီးခိုးမှိုင်း Charcoal Grey ၊ နက်ပြာ Navy Blue ၊ အနက်ရောင် Black ဆိုပြီး ထွက်ပါတယ်။ ဒီအရောင်တွေအပြင် နည်းနည်း အရောင်ဆန်းတဲ့ အညိုရင့် Dark Brown ၊ မီးခိုးဖျော့ Light Gray ၊ ကာကီ Khaki မျိုးလည်း ရွေးချယ်နိုင်ပါတယ်။

Photo: Freepik

ကဲ.. ဒါဆို အသားအရောင်ပေါ်လိုက်ပြီး Suit ကာလာ ရွေးရအောင်ပါ။ အသားဖြူတဲ့သူတွေ ၊ အသားလတ်တယ်ဆိုတဲ့ သူတွေအတွက် အကောင်းဆုံး Suit Color က အညိုရောင်ပါ။ အသားအရေဖြူပြီး ဖျော့တဲ့သူတွေ ပိုပြီး Formal ကျကျ ဝတ်ချင်ရင် မီးခိုးရောင် ရွေးဝတ်နိုင်ပါတယ်။ မီးခိုးရောင်က အသားအရောင် Skin Tone တိုင်း လိုလိုနဲ့ လိုက်ဖက်ပါတယ်။ လူအကြားမှာ ထင်းနေတဲ့ကာလာမျိုးလည်း ဖြစ်ပါတယ်။

အနက်ကတော့ အသားဖြူဖျော့သူတွေအတွက် Contrast ဖြစ်လွန်းလို့ ရှောင်ရမယ့်အရောင်လို့ ဆိုရမှာပါ။ အသားညိုတဲ့ ဘက်ကို ပိုလုတဲ့ ပုံမှန် Fair & Medium Complexions သမားတွေအတွက် Navy Blue အရောင်လေး ဝတ်သင့်ပါတယ်။ နက်ပြာရင့်ကာလာတွေက ခပ်လတ်လတ် အသားအရေသမားတွေနဲ့ အရောင်ပိုဟပ်ပါတယ်။ တကယ်လို့ အသားက နည်းနည်း ညိုတဲ့ဘက်ကို ပိုရောက်နေရင် နည်းနည်းလေး အရောင်ပိုတောက်တဲ့ အပြာပြေးဘက် ရွေးနိုင်ပါတယ်။ မှိုင်းတာ ကြိုက်ရင် Charcoal Grey ဝတ်လို့ ရပါတယ်။

Photo: Freepik

အသားညိုတယ်ဆိုရင် Black Suit ဝတ်ဖို့ အကြံပြုကြပါတယ်။ အသားမဲတဲ့သူတွေဟာ မီးခိုးဖျော့ရောင် ၊ ကာကီရောင်တို့ကိုလည်း ရွေးချယ်နိုင်ပါတယ်။ အသားမည်းရင် အနက်ရင့်ရင့်ကာလာတွေ နည်းနည်း ပိုလျှော့ဝတ်ပါ။ ကာလာ Contrast ပို ဖြစ်အောင်လို့ ဖြစ်ပါတယ်။