ချဲလ်ဆီးကြယ်ပွင့်ဟောင်း ဝီလီယံဟာ ချဲလ်ဆီးမှာ အမှန်တကယ်ဆက်နေချင်ခဲ့ပေမယ့် အသင်းနဲ့ စာချုပ်သဘောတူညီမှု မရရှိခဲ့တဲ့နောက် လန်ဒန်ပြိုင်ဘက်ဖြစ်တဲ့ အာဆင်နယ်ကို ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့ရတာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
ဘရာဇီးလ်လက်ရွေးစင်ကွင်းလယ်ကစားသမားဟာ ယခုနွေရာသီမှာ အာဆင်နယ်အသင်းကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး စတန်းဖို့ဒ်ဘရစ်ဂျ်မှာ ပြသခဲ့တဲ့ခြေစွမ်းအတိုင်း ပြသနိုင်ဖို့အတွက် ရုန်းကန်နေရသူဖြစ်ပါတယ်။ ဝီလီယံဟာ အသင်းသစ် အာဆင်နယ်အသင်းအတွက် ဂိုးသွင်းယူပေးနိုင်ခြင်းမရှိသေးပေမယ့်လည်း ပြီးခဲ့တဲ့ ဘင်ဖီကာအသင်းနဲ့ ကစားခဲ့တဲ့ ယူရိုပါလိဂ်ပွဲစဉ်မှာ လူစားဝင်ကစားပေးပြီး ဂိုးဖန်တီးမှု ပြုလုပ်ပေးနိုင်ခဲ့တာဖြစ်ပါတယ်။

Photo: 101greatgoals
အသက် ၃၂ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဝီလီယံဟာ ၎င်းနဲ့ ချဲလ်ဆီးအသင်းဟာ စတန်းဖို့ဒ်ဘရစ်ဂျ်မှာ စာချုပ်သက်တမ်းတိုးဖို့ သဘောတူညီမှုသာ ရရှိခဲ့မယ်ဆိုရင် အမ်းမရိတ်စ်ကို ပြောင်းရွှေ့ခဲ့မှာမဟုတ်ဘူးလို့ ဝန်ခံပြောကြားခဲ့ပါတယ်။
“ဆုံးဖြတ်ချက် ချရတာ အရမ်းခက်ခဲခဲ့ပါတယ်။ အဲဒါက မလွယ်ကူခဲ့ပါဘူး။ ဘာလို့လဲဆိုတော့ ခင်ဗျားပြောတဲ့အတိုင်းပဲ ၂ သင်းကြားက ပြိုင်ဆိုင်မှုက အရမ်းကြီးမားလို့ပါ”
“အာဆင်နယ်အတွက် ချဲလ်ဆီးကို စွန့်ခွာဖို့ ဆုံးဖြတ်ရတာ မလွယ်ကူခဲ့ပါဘူး။ အဲဒီဆုံးဖြတ်ချက်က သေချာစဉ်းစားခဲ့ပြီးမှ ချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက်ပါ။ ကျွန်တော့်ရဲ့ ဇနီးနဲ့ ကျွန်တော့် အေးဂျင့်ကိုတောင် အကြိမ်ပေါင်းများစွာ စကားပြောခဲ့ပါတယ်”

Photo: Metro
“ကျွန်တော် အာဆင်နယ်ကို သွားဖို့ ဆုံးဖြတ်ခဲ့ရတဲ့ အကြောင်းအရင်းတွေထဲက တစ်ခုကတော့ အာတီတာနဲ့ စကားတွေ အများကြီး ပြောခဲ့ရတာလည်း ပါပါတယ်။ သူတို့တွေက အမ်းမရိတ်စ်ကို လာအောင် စည်းရုံးခဲ့ပြီး အဲဒါက တကယ်မိုက်တဲ့စီမံကိန်းတစ်ခုဆိုပြီးပေါ့။ ကျွန်တော့်အတွက်လည်း အဲဒီကိုသွားနိုင်ရင် တကယ်ကောင်းမွန်လိမ့်မယ်ပေါ့”
“ကျွန်တော်က လူစာရင်းထဲမှာ အရမ်းအရေးပါတဲ့ကစားသမားဖြစ်လိမ့်မယ်ဆိုတာလည်း ပါတယ်။ ဒါက သူတို့တွေ အသင်းရဲ့ တွေးခေါ်မှုကို ပြောင်းလဲချင်ခဲ့တာပါ။ အဆင်နယ်ကို ပရီးမီးယားလိဂ်မှာ နောက်ထပ်တစ်ကြိမ် တိုက်ပွဲဝင်နိုင်အောင် လုပ်ဖို့၊ ချန်ပီယံလိဂ်မှာ နောက်ထပ်တစ်ကြိမ် ကစားနိုင်ဖို့အတွက်ပါ”လို့ ပြောကြားခဲ့ပါတယ်။
