ကတိစကားဆိုတာ လူတစ်ယောက်အတွက် အလွန်အရေးကြီးပါတယ်။ ကတိစကားတွေကပေးဖို့လွယ်သလောက် ထိန်းသိမ်းဖို့ ခက်ခဲပါတယ်။ ကတိတည်တဲ့လူတွေဟာ အခြားလူတွေရဲ့ ယုံကြည်မှုကို ရရှိပြီးလုပ်ငန်းဆောင်တာတွေ အောင်မြင်နိုင်ဖို့ အခွင့်အရေးပိုများပါတယ်။ ကတိမတည်တဲ့ လူတွေကြတော့ လူအများရဲ့ ရှောင်ဖယ်ခြင်းကို ခံရတက်ပါတယ်။ ကတိမတည်တဲ့လူတွေ ကြုံတွေ့ရနိုင်တဲ့ ဆိုးကျိုးတွေအကြောင်း ပြောပြပေးသွားမှာပါ။

Source : Freepik

စီးပွားရေးနယ်ပယ်ထဲမှာ ကတိစကားက အင်မတန်အရေးကြီးပါတယ်။ ပေးထားတဲ့ ကတိအတိုင်း အတိအကျ လုပ်ဆောင်တဲ့လူမျိုးမှ လူတွေက လက်တွဲပြီး အလုပ်လုပ်ချင်ကြတာပါ။ ပေးမယ်ပြောပြီး မပေးတာ လုပ်မယ်ပြောပြီး မလုပ်တာ၊ လာမယ်ပြောပြီးမလာတာ စသဖြင့် အပြောနဲ့အလုပ်မညီတဲ့သူတွေကို လူတွေက အယုံအကြည်ကင်းမဲ့သွားတက်ကြပါတယ်။

ဒီလိုလူတွေရဲ့ ယုံကြည်မှုမဆုံးရှုံးသွားပြီးဆိုရင် စီးပွားရေးလုပ်ငန်းနယ်ပယ်မှာသာမက လူမှုပတ်ဝန်းကျင်မှာလည်း နာမည်ဆိုးဖြင့် ကျော်ကြားပါလိမ့်မယ်။

ကတိပေးပြီးမလုပ်တာကို လူတွေက တစ်ကြိမ်တစ်ခါတော့ ခွင့်လွှတ်ချင်ခွင့်လွှတ်ပါလိမ့်မယ်။ ဒါပေမယ့် ကြိမ်ဖန်များစွာ ကတိစကားကို ချိုးဖျက်လာမယ်ဆိုရင်တော့ လူတွေက သင့်ကိုစိတ်ကုန်သွားပါလိမ့်မယ်။ လူတွေက အပေါင်းအသင်းမလုပ်ဘဲ ကတိမတည်သူကို ရှောင်ဖယ်လာပါလိမ့်မယ်။

Source : Freepik

သင့်ကို လူတွေက ရှောင်ရှားတဲ့အတွက်ကြောင့် ပတ်ဝန်းကျင်က အလုပ်အကိုင်အခွင့်အလမ်းတွေဟာ သင့်ဆီကို ရောက်လာဖို့ အခွင့်အရေးနည်းသွားပါပြီ။ သူငယ်ချင်း၊ မိတ်ဆွေတွေကလည်း သင်နဲ့ အလုပ် အတူတူတွဲလုပ်ချင်စိတ် ရှိတော့မှာမဟုတ်ပါဘူး။ ဒါကြောင့် ကတိမတည်သူတွေအတွက် အလုပ်အကိုင်အခွင့်အလမ်းတွေ နည်းသွားပါပြီ။