ချမ်းသာတဲ့သူအများစုက လူလတ်ပိုင်းနဲ့ လူကြီးတွေ များတာ မှန်ပါတယ်။ ဒါပေမယ့် ကြွယ်ဝချမ်းသာသူဖြစ်ဖို့ အသက်ကန့်သတ်ချက်မရှိပါဘူး။ ငယ်ငယ်ရွယ်ရွယ်နဲ့ ချမ်းသာချင်ရင်တော့ အလုပ်ပိုကြိုးစားရမယ်။ အစီအစဉ်ဆွဲတာ တော်ရမယ်။ ငွေကြေးစနစ်ကောင်းရပါမယ်။ ဒါတွေတင်ပဲတော့လည်း မဟုတ်ပါဘူး။ ဒါဆို အသက်ငယ်ငယ်နဲ့ ချမ်းသာချင်ရင် ဘာတွေ လုပ်ဖို့ လိုမလဲ။

ငယ်ငယ်ရွယ်ရွယ်နဲ့ ချမ်းသာဖို့ ပိုက်ဆံအများကြီးရှာပါ လို့ ပြောရင် သိပ်ယေဘုယျဆန်နေပါလိမ့်မယ်။ နည်းနည်း အသေးစိတ်ပြောပြချင်ပါတယ်။ အရင်ဆုံး အသက်ဘယ်လောက်မတိုင်ခင် ငါပိုက်ဆံ ဘယ်လောက်ရှာမယ်ဆိုတဲ့ ပန်းတိုင်ထားပါ။ ဒီပန်းတိုင်ကြီးကို အရောက်သွားနိုင်ဖို့ ပန်းတိုင်ငယ်လေးတွေ ချပြီး ငွေရှာပါ။ ဥပမာ_ အသက် ၂၅ မှာ သိန်း ၅၀၀ ပိုင်ရမယ်လို့ အသက် ၂၀ မှာ ဆုံးဖြတ်ထားရင် လွယ်သွားအောင် တစ်နှစ်ကို သိန်း ၁၀၀ အသားတင်ရှာရမှာပါ။ ဒီလို သိန်း၁၀၀ ရနိုင်ဖို့ ဘယ်လိုနည်းနဲ့ ငွေရှာမလဲဆိုတာ ပြန်ပြီး ပန်းတိုင်ချကြည့်ပါ။

Young business man working

Photo: Freepik

ကုမ္ပဏီမှာ ကော်မရှင်စားအရောင်းသမားတစ်ယောက်အနေနဲ့ တစ်လကို ရောင်းအားကော်မရှင် ၅ သိန်းရတယ်ဆိုရင် ပြီးခဲ့တဲ့လထက် အနည်းဆုံး တစ်လတစ်လကို ၂၀% စီတိုးရောင်းနိုင်အောင် ကြိုးစားမယ်လို့ ပစ်မှတ်ထားသွားတာမျိုး ဖြစ်ပါတယ်။ ဒါမှမဟုတ်လည်း ပိုပြီး လစာမြင့်မားတဲ့အလုပ်ကို ကူးပြောင်းပါ။ လစာမြင့်ပြီး တက်လမ်းရှိတဲ့အလုပ် ၊ ကိုယ်ကြိုးစားသလောက် အရာထင်တဲ့အလုပ်ရောက်မယ်ဆိုရင် ကိုယ့် ရည်မှန်းချက်လည်း တကယ်လက်တွေ့ ဖြစ်နိုင်ဖို့ နီးစပ်ပါတယ်။

တစ်ဖက်မှာလည်း ကိုယ့်ရဲ့ ပင်ကိုယ်စွမ်းရည် Talent ကို သုံးပြီး အောင်မြင်မှုရအောင် လုပ်နိုင်ပါတယ်။ အလုပ်တစ်ခုတည်းမှာ ဖင်မြဲရုံနဲ့ ကြီးပွားမယ်လို့ မထင်လိုက်ပါနဲ့။ ချမ်းသာဖို့ ကိုယ်က ဘယ်အပိုင်းမှာ အကျိုးပေးမလဲဆိုတာကို ဖော်ထုတ်ဖို့လည်း ကိုယ့်မှာ တာဝန်ရှိပါတယ်။ တစ်သက်လုံး အလုပ်သေချာပြီး ကြီးပွားစရာမမြင်တဲ့ နေရာမှာ ပင်စင်ယူတဲ့အထိ နေသွားတာထက် အခွင့်အလမ်းနဲ့ အခက်အခဲတွေ ဆတူရှိပြီး ကြီးပွားမယ့်လမ်းကို ရွေးချယ်သင့်ပါတယ်။

နောက်တစ်ခုက ငယ်တုန်းမှာ လူပေါင်းစုံနဲ့ ပေါင်းပါ။ အခွင့်အလမ်းပေါင်းစုံကို စောင့်ကြည့်နေပါ။ ကိုယ်လိုပဲ အောင်မြင်ကြီးပွားချင်တဲ့သူတွေနဲ့ အဓိကပေါင်းပါ။ ကိုယ့်အရင် အောင်မြင်ထွန်းပေါက်နေတဲ့ အသိုင်းအဝိုင်းထဲလည်း ဝင်တိုးပါ။ ဒါဟာ ဝင်ငွေလမ်းကြောင်းတွေ ဖွင့်ထားတာ ဖြစ်သလို ဘဝတိုးတက်ရေးအတွက်လည်း အကောင်းဆုံး ခင်းကျင်းပြင်ဆင်ထားတာပဲ ဖြစ်ပါတယ်။

Working Young man in happy face

Photo: Freepik

အခုခေတ်က အွန်လိုင်းခေတ်ဖြစ်ပါတယ်။ ကမ္ဘာကြီးက ချိတ်ဆက်မှုမြန်ဆန်နေပါတယ်။ ကိုယ့်ရဲ့ နာမည်ကို ကိုယ့်ကွန်ရက်ထဲမှာ ထင်ရှားနေအောင် Personal Branding လုပ်ထားဖို့ လိုပါတယ်။ ကိုယ့်ကို ကောင်းတဲ့ဂုဏ်သတင်းနဲ့ လူပိုသိလေလေ အခွင့်အလမ်းတွေ ပိုရှိလေလေပါပဲ။ ချမ်းသာဖို့အတွက် စွန့်ဦးတီထွင်မှုတွေ လုပ်ဖို့ လိုပါတယ်။ ဒီခေတ်မှာ နည်းပညာအခြေပြုစီးပွားရေးလုပ်ငန်းတွေ အားကောင်းနေတဲ့ ခေတ်ဖြစ်လို့ နည်းပညာ Startup တွေ ထောင်တာ ၊ အိုင်ဒီယာသစ်နဲ့ စီးပွားရှာ ရင်းနှီးမြှပ်နှံတာတွေလည်း လုပ်ဖို့ တိုက်တွန်းချင်ပါတယ်။

နောက်ဆုံးတစ်ချက် အရေးကြီးတာက ငွေကြေးစည်းကမ်းထားဖို့ပါပဲ။ သင်ရတဲ့ ငွေအားလုံးကို သုံးမပစ်ပါနဲ့ဆိုတဲ့ စကားရှိပါတယ်။ ရသမျှ ငွေထဲက ၂၅% လောက်မှ စုဆောင်းမထားရင် တစ်ချိန်ချိန်မှာ ဒုက္ခရောက်သွားနိုင်ပါတယ်။ ချမ်းသာဖို့အတွက်ကတော့ ငွေစုဖို့အပြင် မှန်ကန်စွာ ရင်းနှီးမြှပ်နှံဖို့လည်း အရေးကြီးပါတယ်။ ဉာဏ်ရှိရှိ ရင်းနှီးမြှပ်နှံမယ် ၊ ကိုယ့်ကိုယ်ကိုယ် သေချာ အလုပ်လုပ်ခိုင်းမယ် ၊ အပေါင်းအသင်းအသိုင်းအဝိုင်းကောင်း ရှာပေါင်းမယ် ၊ အိုင်ဒီယာကောင်းကောင်းနဲ့ စီးပွားရှာမယ်ဆိုရင် ငယ်ငယ်ရွယ်ရွယ်နဲ့ ချမ်းသာလာနိုင်ပါတယ်။