မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူးဟောင်း ဒီမီတာ ဘာဘာတော့ဗ်က တနင်္ဂနွေနေ့ညနေမှာ ယှဉ်ပြိုင်ကစားကြမယ့် မန်ချက်စတာစီးတီးနဲ့ မန်ချက်စတာယူနိုက်တက်တို့ရဲ့ပွဲစဉ်အတွက် ခန့်မှန်းမှုတွေ ပြုလုပ်ခဲ့ပါတယ်။

Photo: Metro
မန်ချက်စတာစီးတီးအသင်းဟာ အမှတ်ပေးဇယား ဒုတိယနေရာက မန်ချက်စတာယူနိုက်တက်ကို အိမ်ကွင်း အီတီဟတ်မှာ လက်ခံယှဉ်ပြိုင်ရမှာဖြစ်ပြီး အမှတ်ပေးဇယား ထိပ်ဆုံး ၂ သင်းရဲ့ ပြင်းထန်တဲ့ တိုက်ပွဲဖြစ်လာမှာဖြစ်ပါတယ်။ မန်ချက်စတာစီးတီးအသင်းဟာ အမှတ်ပေးဇယားထိပ်ဆုံးကို ၁၄ မှတ်ဖြတ် ဦးဆောင်ထားတာဖြစ်ပြီး မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ အမှတ်ပေးဇယားဦးဆောင်နေတဲ့အသင်းနဲ့ ရမှတ် ကွာဟမှု ကျဉ်းမြောင်းအောင် ရေကုန်ရေခမ်းယှဉ်ပြိုင်သွားရတော့မှာဖြစ်ပါတယ်။
မန်ချက်စတာယူနိုက်တက်ကြယ်ပွင့်ဟောင်းဖြစ်တဲ့ ဘာဘာတော့ဗ်က ယခုအပတ်မှာ တွေ့ဆုံကြမယ့် မန်စီးတီးနဲ့ ယူနိုက်တက်တို့ရဲ့ပွဲစဉ်ဟာ နောက်ဆုံးတစ်ကြိမ်တုန်းကလိုမျိုး ပျင်းရိစရာပွဲစဉ်မျိုး ဖြစ်လာမှာကို စိုးရိမ်နေပြီး အသင်းဟောင်း ယူနိုက်တက်အနေနဲ့ မန်စီးတီးရဲ့ နိုင်ပွဲဆက်စံချိန်ကို ရပ်တန့်နိုင်မယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။

Source : Bleacher Report
“ကျွန်တော် နောက်ဆုံးတစ်ခေါက် ဒီ ၂ သင်း ပရီးမီးယားလိဂ်မှာ တွေ့ဆုံခဲ့တဲ့ပွဲစဉ်လိုမျိုး ပျင်းရိစရာပွဲစဉ်ကို မမြင်ချင်တော့ပါဘူး။ အဲဒီတုန်းက ကျွန်တော် အိပ်တောင် အိပ်ပျော်တော့မလို့ပါ။ ကျွန်တော်ကတော့ ယူနိုက်တက်ကို မန်စီးတီးရဲ့ နိုင်ပွဲဆက် စံချိန်ကို အဆုံးသတ်စေချင်ပါတယ်။ အဲဒီစိတ်က မန်စီးတီးကစားသမားတွေရဲ့ စိတ်ထဲမှာ ရှိနေမှာဖြစ်ပြီး ယူနိုက်တက်က အဲဒါကို အခွင့်ကောင်းယူနိုင်မယ်လို့ ထင်ပါတယ်။ အဲဒီတော့ ကျွန်တော်ကတော့ ယူနိုက်တက်ကိုပဲ အားပေးရပါလိမ့်မယ်”လို့ ပြောကြားခဲ့ပါတယ်။
