ဝီစကီတွေအကြောင်းကတော့ ပြောလို့ဆုံးမှာမဟုတ်ပါဘူး။ ဂဲလစ်စကားအရ Whiskey ဆိုတာ အသက်ရေ Water Of Life လို့ အဓိပ္ပါယ်ရပါတယ်။ ၁၈၃၀ ခုနှစ်က အမေရိကန်မှာ လူတစ်ဦးချင်းစီအလိုက် တစ်နှစ်ကို ဝီစကီ ၈၈ ပုလင်းအထိ သောက်သုံးကြတယ်လို့ ဆိုပါတယ်။ Whisky လို့လည်း ခေါ်သလို Whiskey လို့လည်း စာလုံးပေါင်းပါတယ်။ Whiskey က အိုင်းရစ်အခေါ်အဝေါ်ဖြစ်ပြီး Whisky က စကော့တွေ ခေါ်တဲ့ အသုံးအနှုန်း ဖြစ်ပါတယ်။

ပထမဆုံး Blended Whisky ကို ၁၈၆၀ ခုနှစ်က Green Stripe နာမည်နဲ့ ထုတ်ပါတယ်။ Malt နဲ့ Grain စေ့ ရောစပ်ပြီး ထုတ်တာ ဖြစ်ပါတယ်။ နာမည်ကျော် ဝီစကီ ထုတ်လုပ်သူ Jack Daniels ဟာ အသက် ၆ နှစ်သားအရွယ်မှာ လူသာရင်းတရားဟောဆရာတစ်ဦးဆီကနေ ဝီစကီချက်နည်း သင်ခဲ့တယ်လို့ ဆိုပါတယ်။ဒီအချက်တွေကတော့ ဝီစကီအကြောင်း စိတ်ဝင်စားစရာအချက်တွေထဲက တချို့ ဖြစ်ပါတယ်။

men cheering whisky

Photo: Freepik

နောက်အရေးကြီးတာက ဝီစကီကို အရသာခံနည်းဖြစ်ပါတယ်။ ဝီစကီမှာ ပါတဲ့ အရသာအမယ်စုံကို သိရဖို့ အရင်ဆုံး ပါးစပ်ဟပြီး နှာခေါင်းနဲ့ ဝီစကီကိုအနံ့ခံကြည့်ရမှာ ဖြစ်ပါတယ်။ ပါးစပ်ဖွင့်ထားတဲ့ သဘောက နှာခေါင်းမှာ ဝီစကီအနံ့ မွှန်မသွားဖို့ပါ။ တကယ်လို့ စစချင်း ဝီစကီအနံ့ခံကြည့်လို့ အဆင်မပြေဘူးဆိုရင် ခဏနားပြီး လက်ကို နမ်းကြည့်ပါ။ ဒါက နှာခေါင်းရဲ့ အနံ့ခံမှုကို ပြောင်းလိုက်တာ ဖြစ်ပါတယ်။ ဒါပြီးရင် ဝီစကီကို နှာခေါင်းက အနံ့ခံဖို့ ပိုယဉ်သွားပါလိမ့်မယ်။

ဝီစကီသောက်ရာမှာ အကောင်းဆုံး ဖန်ခွက်က ကျူးလစ်ပုံစံ ဖန်ခွက်ဖြစ်ပါတယ်။ ဝီစကီရဲ့ အနံ့ကို အပြည့်အဝ ပေးစွမ်းနိုင်လို့ ဖြစ်ပါတယ်။ နောက်တစ်ခုပြောချင်တာက ဝီစကီသိုလှောင်မှု နည်းစနစ် ဖြစ်ပါတယ်။ ဝီစကီဟာ တစ်သမှတ်တည်းအပူချိန်မှာပဲ ထားပေးတာ အကောင်းဆုံးဖြစ်ပြီး နေရောင်ခြည်တိုက်ရိုက်ကျတဲ့ နေရာမျိုးမှာ မထားဘဲ ရှောင်ကြဉ်သင့်ပါတယ်။ အလင်းထိတွေ့မှုနဲ့ အပူချိန် အပြောင်းအလဲက ဝီစကီထဲမှာ ဓါတုအပြောင်းအလဲတွေ ဖြစ်လာပြီး အနံ့ပေါ် ဆိုးရွားတဲ့ သက်ရောက်မှု ရှိနိုင်လို့ ဖြစ်ပါတယ်။

a glass of whisky with glass

Photo: Freepik

ဝီစကီကို အိမ်ထဲမှာထားရင် တသမတ်တည်းအပူချိန်ရှိတဲ့ မြေတိုက်ခန်း ၊ အိမ်အောက်ထပ် စတဲ့နေရာတွေမှာ ထားပေးသင့်ပါတယ်။ ဝီစကီတစ်လုံးကို ဖွင့်သောက်ထားလို့ သုံးပုံနှစ်ပုံလောက် ကျန်သေးတယ်ဆိုရင် တသမှတ်တည်းအပူချိန်မှာ ထားပြီး တိုက်ရိုက်နေရောင်ခြည်နဲ့လည်း ကင်းကွာနေရင် တစ်နှစ်လောက်အထိ သောက်လို့ကောင်းပါတယ်။ ပုလင်းထဲ လေမဝင်နိုင်အောင် အဖုံးကို သေချာကျပ်နေအောင် ပိတ်ထားဖို့လည်း လိုပါတယ်။

မှတ်ထားရမယ့်အချက်က ဝီစကီပုလင်းတစ်လုံးမှာ လေ ၇၅% လောက် ရောက်နေရင် အဲ့ဒီပုလင်းဟာ နောက်တစ်လလောက်ပဲ သောက်လို့ အဆင်ပြေမှာ ဖြစ်ပြီး ကျော်သွားရင် အနံ့အရသာ ပြောင်းသွားတတ်တယ်ဆိုတာပါပဲ။