အခုလို ပူအိုက်စပြုလာတဲ့ နွေဘက်တွေမှာ စားတာသောက်တာကနေ တစ်ကိုယ်ရည်စာ ကျန်းမာရေးအထိ အများကြီး ဂရုစိုက်ဖို့ လိုလာပါပြီ။ ရာသီဥတုအကူးအပြောင်းနဲ့ညီအောင် အနေအထိုင် အစားအသောက် ဆင်ခြင်ပေးမှ ကျန်းကျန်းမာမာနဲ့ လုပ်စရာတွေ အားစိုက်ပြီး လုပ်နိုင်မှာပါ။ ကျန်းမာရေးအတွက်ရော ရုပ်ပိုင်းဆိုင်ရာအရပါ မှန်ကန်တဲ့ Self-Care ရှိမှပဲ ဒီနွေမှာ ကိုယ်ရောစိတ်ပါ ရွှင်လန်းနေမှာ ဖြစ်ပါတယ်။

Photo: Freepik
အရင်ဆုံး ပြောချင်တာက နွေရာသီမှာ ရေများများသောက်ဖို့ပါပဲ။ ရေသောက်ခြင်းက ကိုယ်တွင်းစနစ်တွေ အလုပ်မှန်မှန်လုပ်စေသလို ရေဓါတ်ပြည့်တင်းနေမှပဲ တက်ကြွရွှင်လန်းနေမှာပါ။ ရေဆာတယ်လို့ ခံစားရတဲ့အထိ စောင့်မနေပါနဲ့။ကိုယ့်ဘေးမှာ ရေသန့်ဗူး ဆောင်ထားပြီး ခဏခဏ သောက်ပေးဖို့ လိုပါတယ်။ ရေသောက်တဲ့အပြင် ကိုယ်တွင်းအပူချိန် မျှခြေမှန်ကန်စေဖို့ ရေအေးအေး ပုံမှန်ချိုးပါ။ ရေချိုးချိန် ပုံမှန်သတ်မှတ်ထားပါ။
အေးနေအောင်ဆိုပြီး ပန်ကာလေ သိပ်ခံတာမျိုး ၊ အဲကွန်းအခန်းထဲက မထွက်နေတာမျိုးကလည်း အန္တရာယ်များလို့ ရှောင်ကြဉ်သင့်ပါတယ်။ မတော်လို့ အပြင်ထွက်စရာကြုံရင် အဲကွန်းခန်းထဲကနေ ရုတ်တရပ် အပူထဲ ထွက်လိုက်တာနဲ့ အသက်သေနိုင်လောက်တဲ့အထိ ကျန်းမာရေးအန္တရာယ်ရှိတာ သတိထားစေချင်ပါတယ်။ ဒီလို ပူအိုက်တဲ့ ရာသီမှာ သကြားဓါတ်များတဲ့ အချိုရည်တွေ နဲ့ အရက်သေစာတွေ သောက်သုံးတာ လျှော့ပါ။ ရှောင်ပါ။
ပေါ့ပါးပြီး ချောင်ချောင်ချိချိနဲ့ သက်တောင့်သက်သာရှိတဲ့ ချည်သားအင်္ကျီလေးတွေ ဝတ်ဖို့လည်း လိုပါတယ်။ အဝတ်အစားတွေကိုလည်း သန့်သန့်ရှင်းရှင်းဖြစ်အောင် လျှော်ဖွပ်ပြီးမှ ဝတ်ပါ။ ချွေးစွန်းနေပြီး ချွေးနံ့နံနေတဲ့ အဝတ်အစားမျိုးကို ကြာကြာဝတ်မယ်ဆိုရင် အရေပြားပိုင်းအတွက် ပြဿနာရှိလို့ ဖြစ်ပါတယ်။ တတ်နိုင်သမျှ နေပူရှိန်မပြင်းထန်ခင် အပြင်သွားစရာရှိတာ သွားထားပါ။ အရိပ်ရပြီး အေးမြတဲ့နေရာတွေမှာ မကြာခဏ အနားယူပါ။

Photo: Freepik
မဖြစ်မနေ အပြင်သွားရမယ်ဆိုရင်လည်း နားရွက်လုံတဲ့ ဦးထုပ် ၊ ထီး စတာတွေ ဆောင်းပြီးမှ သွားပါ။ SPF 15 လို နေကာခရမ်လေး လိမ်းပြီး အန္တရာယ်ရှိတဲ့ နေရောင်ခြည်ကနေ ကိုယ့်ကိုယ်ကိုယ် အကာအကွယ်လုပ်ထားပါလို့ ပြောချင်ပါတယ်။ အပြင်ထွက်တိုင်းလည်း ရေမကြာခဏ သောက်ဖြစ်အောင် ရေဗူးလေး ဆောင်ထားစေချင်ပါတယ်။ ရေကတော့ တစ်နေ့ကို ပုံမှန် အနည်းဆုံး ၂ လီတာကနေ ၅ လီတာအထိ သောက်ဖြစ်အောင် သောက်ပေးပါ။
နွေရာသီမှာ ခေါင်းကိုက်တာ ၊ ငြီးစီစီ ဖြစ်တာ ၊ နေမကောင်းချင်ဖြစ်တာ ၊ အသားအရောင် ပြောင်းလာတာ ၊ ရေအလွန်ငတ်ပြီး ကြွက်တက်ချင်သလို ခံစားရရင် အပူနုံးနုံးတာ ဖြစ်နိုင်ပါတယ်။ အေးမြတဲ့နေရာမှာ နာရီဝက်လောက် အရင်ဆုံး အနားယူလိုက်ပါ။ ခန္ဓာကိုယ်အပူချိန် ကျဆင်းသွားအောင် ထားပြီးမှ ရေသောက်ပါ။ ဒါမှ ပိုဆိုးလာရင် ဆရာဝန်ပြဖို့ မမေ့ပါနဲ့လို့ အကြံပေးချင်ပါတယ်။
