မြောက်အိုင်ယာလန်နိုင်ငံသား မင်းသားကြီး လီယမ်နက်ဆင်ရဲ့ နာမည်အပြည့်အစုံကတော့ လီယမ် ဂျွန်နက်ဆင်ဖြစ်ပါတယ်။ မြောက်အိုင်ယာလန် County Antrim ၊ ဘယ်လီမီနာမြို့မှာ ဇွန်လ ၇ ရက် ၁၉၅၂ ခုနှစ်က မွေးခဲ့တာပါ။ သူ့ဖခင် ဘားနတ်ဘာနီ နက်ဆင်က ကျောင်းစောင့် ၊ အမေ ကတ်သရင်း ကစ်တီ နက်ဆင်က စားဖိုမှူးတစ်ဦး ဖြစ်ပါတယ်။ မွေးချင်းလေးယောက်မှာ တစ်ဦးတည်းသော သား ဖြစ်ပါတယ်။
အသက် ၉ နှစ်မှာ All Saints Youth Club မှာ လက်ဝှေ့သင်ခဲ့ပြီး နောက်ပိုင်း Ulster အပျော်တမ်းအဆင့် အကြီးတန်းဘောက်ဆင်ချန်ပီယံဖြစ်ခဲ့ပါတယ်။ နောက်တော့ ဘောက်ဆင်လောကကို စွန့်ခွာခဲ့ပြီး ရူပဗေဒနဲ့ကွန်ပျူတာသိပ္ပံသင်ဖို့ ဘဲလ်ဖတ်စ်က Queen’s University မှာ ကျောင်းတက်ပါတယ်။ ကောလိပ်က ထွက်ပြီး တစ်နှစ်မှာ ကုန်တင်ကုန်ချယာဉ်မောင်း လုပ်ခဲ့သေးတယ်လို့ ဆိုပါတယ်။ နောက်တော့ ဆရာဖြစ်သင်ခဲ့ပါတယ်။
Photo: Mental Floss
၇၆ ခုနှစ်မှာ ဘဲလ်ဖတ်စ်မှာ ရှိတဲ့ Lyric Players’ ကဇာတ်ရုံကို ရောက်ပါတယ်။ နှစ်နှစ်လောက် အဲ့မှာ ဝင်သရုပ်ဆောင်အလုပ် လုပ်ခဲ့သေးပါတယ်။ ပထမဆုံး ရုပ်ရှင်အတွေ့အကြုံက ၁၉၇၇ မှာ ဘာသာရေးရုပ်ရှင် Pilgrim’s Progress မှာ ဝင်သရုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ ၇၈ မှ ဒဗ္ဗလင်မှာ ရှိတဲ့ Abbey Theater ကို ရောက်သွားခဲ့ပြီးနောက် ဒါရိုက်တာ ဂျွန်ဘိုးရ်မန်းနဲ့တွေ့ပါတယ်။ နောက် သူ့ရဲ့ ပထမဆုံးထင်ရှားလာမယ့် Excalibur ကားမှာ ဆာဂါဝိန်းအဖြစ် သရုပ်ဆောင်ခဲ့တာပါ။
နောက်တော့ လန်ဒန်ကို ပြောင်းရွှေ့သွားပြီးThe Bounty (၁၉၈၄) ၊ A Woman of Substance (၁၉၈၄) ၊ The Mission (၁၉၈၆) နဲ့ Duet for One (၁၉၈၄) စတဲ့ တီဗွီစီးရီးတွေမှာ သရုပ်ဆောင်လာခဲ့ပါတယ်။ ဘဝမှတ်တိုင်အနေနဲ့ ပြောရမယ့် ပထမဆုံး စူပါဟီးရိုးကားမှာ အဓိကဇာတ်ကောင်အဖြစ် သရုပ်ဆောင်ခဲ့တာကတော့ ၁၉၉၀ ခုနှစ်က ထွက်ခဲ့တဲ့ Darkman ဖြစ်ပါတယ်။ ဘရော့ဒ်ဝေးပြဇာတ်ရုံမှာရှိတဲ့ Anna Christe မှာ သူ့ကို တွေ့ရတဲ့ ကမ္ဘာကျော် ဒါရိုက်တာ စတီဗင်စပီးဘာ့ဂ်ဟာ လီယမ်နက်ဆင်ကို နာမည်ကြီး Schindler’s List မှာ အော့စ်ကာ ရှင်းဒလားအဖြစ် သရုပ်ဆောင်ဖို့ ကမ်းလှမ်းခဲ့ပါတယ်။
Photo: indiewire
ဒီကားကြောင့် လီယမ်နက်ဆင်ဟာ အကောင်းဆုံးသရုပ်ဆောင် အကယ်ဒမီဆု ၊ BAFTA နဲ့ Golden Globe တို့မှာ ဆန်ကာတင်အထိ ပါခဲ့ပါတယ်။ နောက်ပိုင်းမှာ သူ့ရုပ်ရှင်တွေဟာ ပေါက်စာရင်း ဝင်ခဲ့ပါတယ်။ Star Wars: Episode I – The Phantom Menace ၊ Gangs of New York ၊ Batman Begins ၊ Taken ၊ Clash of The Titans ၊ The A-Team ၊ Unknown ၊ The Grey စတဲ့ ရုပ်ရှင်တွေမှာ ပါဝင်ခဲ့ပါတယ်။
လီယန်နက်ဆင်ရဲ့ ခန့်မှန်း အသားတင်ပိုင်ဆိုင်မှုဟာ ဒေါ်လာ ၇၅ သန်း ရှိပါတယ်။ သူ့ဇနီး နာတာရှာ ရစ်ချတ်ဆန် ကွယ်လွန်ပြီးနောက် အရက်သမားကြီး ဖြစ်သွားခဲ့သေးတယ်လို့ ဆိုပါတယ်။ ဆေးလိပ်လည်း စွဲခဲ့ပြီးနောက်တော့ အကုန်လုံး ပြတ်သွားခဲ့တာ ဖြစ်ပါတယ်။ ၂၀၁၁ မှာ UNICEF နိုင်ငံတကာကလေးငယ်များ အရေးပေါ်ရံပုံငွေအဖွဲ့မှာ သံတမန်အဖြစ် ခန့်အပ်ခံခဲ့ရပါတယ်။