အဆိပ်အတောက်လူသားဆိုတာ ဘယ်လိုလူစားမျိုးလို့ မှတ်ယူထားပါသလဲ။ မိတ်ဆွေအတုအယောင်များ၊ မိမိအကျိုးစီးပွားကို ဖျက်ဆီးမည့်သူများ၊ မိမိကို စိတ်ဓာတ်ကျအောင် ကြိုးစားမယ့်သူများ အစရှိသဖြင့် မိမိ အောင်မြင်မှုကို မလိုလား၍ မကောင်းကြံစည်သူများအားလုံးက သင့်အတွက် အဆိပ်အတောက်လူသားတွေပဲဖြစ်ပါတယ်။
သင့်ပတ်ဝန်းကျင်မှာ ထိုကဲ့သို့သော အဆိပ်အတောက်လူသားများကို တွေ့ရှိပြီဆိုတာနဲ့ ဘဝထဲက အပြီးအပိုင် ထုတ်ပစ်သင့်ပါတယ်။ ဘာ့ကြောင့်ထုတ်ပစ်သင့်သလဲဆိုတဲ့ အကြောင်းအရင်းများကတော့…
ကျန်းမာရေးကို ထိခိုက်စေလို့

ကျွမ်းကျင်ပညာရှင်များအရ သင့်အတွက် အဆိပ်အတောက်ဖြစ်စေတဲ့လူသားများနဲ့ အတူယှဉ်တွဲနေထိုင်ခြင်းက နှလုံးရောဂါ ခံစားရနိုင်ချေများတယ်လို့ လေ့လာသိရှိရပါတယ်။ ဒါ့အပြင် သွေးတိုးရောဂါ၊ ဆီးချိုရောဂါနှင့် အဝလွန်ရောဂါတို့ကိုလည်း ခံစားရတတ်တာကြောင့် မိတ်ဆွေအတုအယောင်များကို ရှောင်ကြဉ်တာ အကောင်းဆုံးပါပဲ။
မိမိကိုယ်ကို ယုံကြည်မှု ကျဆင်းစေလို့

အဆိပ်အတောက်လူသားများက သင့်မှာ စိတ်ဖိစီးမှုတွေ များနေအောင် ဘယ်လိုလုပ်ရမလဲဆိုတာ တစ်ချိန်လုံးတွေးနေကြတာပါ။ သင့်မှာ မိမိကိုယ်ကို ယုံကြည်မှုကျဆင်းပြီး စိတ်ကျရောဂါ ခံစားရလေ သူတို့က ပျော်ရွှင်လေပါပဲ။
သင့် ဘဝကို ထိန်းချုပ်နေလို့

သင့်အတွက် အရေးကြီးသော ဆုံးဖြတ်ချက်များကို သူတို့က ကိုယ်စားဆုံးဖြတ်ပြီး သင့်ဘဝကို ထိန်းချုပ်နေတတ်ပါတယ်။ ကြာလာတဲ့အခါ သင့်ကိုယ်ကို ဆုံးရှုံးရမှာဖြစ်ပြီး သူတစ်ပါးကို အမှီသဟဲပြုချင်နေတဲ့စိတ်သာ ကြီးစိုးလာပါလိမ့်မယ်။
အောင်မြင်မှုလမ်းကြောင်းအတွက် လိုအပ်တဲ့ လိုအပ်ချက်များကို လျစ်လျူရှုစေလို့
သင်က ထိုမိတ်ဆွေအတုအယောင်များနဲ့ မတွေ့ခင်က ကိုယ် ဝါသနာပါတဲ့အရာတွေ ကိုယ် ကြိုက်နှစ်သက်တဲ့အလုပ်တွေ လုပ်ရင်း အချိန်ကုန်ဆုံးတတ်ပါလိမ့်မယ်။ မိတ်ဆွေအတုအယောင်များ သင့်ဘဝထဲ ဝင်ရောက်လာတဲ့အခါ ကိုယ့်တိုးတက်ရာတိုးတက်ကြောင်းအတွက် လိုအပ်မယ့် အရာတွေကို မလေ့လာဖြစ်တော့ဘဲ အလဟဿအချိန်ဖြုန်းတီးမိနေပါလိမ့်မယ်။
မိတ်ဆွေစစ် မိတ်ဆွေမှန်များနဲ့ ဝေးသထက်ဝေးအောင် တွန်းပို့နေလို့

မိတ်ဆွေအတုအယောင်များက သင် အခြားသူများနဲ့ လူမှုဆက်ဆံရေး ပျက်ပြားသွားအောင် သွေးထိုးနေမှာဖြစ်ပါတယ်။ အခြားသူများနဲ့ ယုံကြည်မှု ပျက်ယွင်းသွားအောင် ဖန်တီးပြီး သူက လွဲပြီး ဘယ်သူ့ကိုမှ မယုံကြည်အောင် ပြုလုပ်တတ်တာကြောင့် အဆိပ်အတောက်လူသားများကို သင့်ဘဝထဲက အချိန်မှီ ဖယ်ရှားဖို့ လိုအပ်ပါတယ်။
Photo Source: Freepik.com
Source: Brightside.me

