ခွေးတွေဟာ လူ့ရဲ့အကောင်းဆုံးမိတ်ဆွေလို့ ဆိုကြပါတယ်။ လူအများဟာ အိမ်မွေးတိရစ္ဆာန်ဆိုရင် ခွေးတို့ ကြောင်တို့လောက်ပဲ မွေးလေ့ရှိကြတာ မှန်ပေမယ့် နာမည်ကျော် ဆယ်လီဘရစ်တီတွေကတော့ သူများနဲ့မတူ တမူထူးခြားတဲ့တိရစ္ဆာန်တွေကို အချစ်တော်အဖြစ် မွေးလေ့ရှိကြပါတယ်။ဒီထဲက နာမည်ကျော် အမျိုးသားဆယ်လီတချို့နဲ့ သူတို့မွေးထားတဲ့ အိမ်မွေးတိရစ္ဆာန်တို့အကြောင်း နည်းနည်းလောက် ပြောပြချင်ပါတယ်။
(၁) Tyga နဲ့ သူ့ရဲ့ ကျား

Photo: townsquare
ဂရမ်မီဆန်ကာတင်ဆုရှင် ရက်ပ်ပါ Tyga ဟာ သူ့ရဲ့ ကယ်လီဖိုးနီးယားက အိမ်မှာ Bengal ကျားတစ်ကောင်မွေးထားပါတယ်။ ဒါက ကယ်လီဖိုးနီးယားဥပဒေအရ တားမြစ်ထားတဲ့ ကိစ္စဖြစ်လို့ မွေးခွင့် ပိတ်ခံလိုက်ရပါတယ်။ နောက်တော့ ဒီကျားကို Tyga ဆီကနေ အခု ကယ်လီဖိုးနီးယားမှာ ရှိတဲ့ “ခြင်္သေ့ ၊ ကျားနဲ့ ဝက်ဝံ”များ ကယ်ဆယ်ရေးစခန်းကို ပို့ထားရပါတယ်။
(၂) Vanilla Ice နဲ့ သူ့ရဲ့ ဝေါ်လာရို

Photo: atchuup
ရက်ပ်ပါတစ်ဦးဖြစ်တဲ့ ရောဘတ်ဗန် ဝင်န်ကယ်လ်ကို အဆိုတော် ဗင်နီလာအိုက်စ်အဖြစ် နာမည်ကြီးပါတယ်။ သူမွေးထားတဲ့ သတ္တဝါက သားပိုက်ကောင်နဲ့ ဝေါ်လာဘီစပ်ထားတဲ့ ဝေါ်လာရိုကောင် ဖြစ်ပါတယ်။ ဖလော်ရီဒါမှာ မွေးရင်းနဲ့ အိမ်နီးချင်းခြံထဲ မွှေနှောက်သွားလို့ တိရစ္ဆာန်ထိန်းသိမ်းရေးလက်ထဲ ရောက်သွားပါသေးတယ်။ နောက်တော့လည်း ဒီဝေါ်လာရိုကောင်ကို ရက်ပ်ပါက ပိုင်ဆိုင်ခွင့်ရခဲ့ပါတယ်။
(၃) Nicolas Cage နဲ့ သူ့ရဲ့ ရေဘဝဲ

Photo: celebritypets
နာမည်ကျော်မင်းသားကြီး နီကိုလတ်စ်ကေ့ချ်ဟာ ပိုက်ဆံသုံးတဲ့နေရာမှာ ထင်ရာလုပ်တယ်လို့ နာမည်ကြီးပါတယ်။ နှစ် ၇ သန်းရှိတဲ့ ဒိုင်နိုဆောခေါင်းတောင် ဝယ်စုတဲ့သူဖြစ်ပါတယ်။ Ghost Rider မင်းသားကြီးဟာ ရှားပါးမြွေဟောက်ဖြူနှစ်ကောင်ပါ ပိုင်ခဲ့ဖူးပါတယ်။ နောက်တော့ အဲ့ဒီမြွှေတွေကို တိရစ္ဆာန်ရုံထဲ ပို့လိုက်ရပါတယ်။ သူ့ရဲ့ အချစ်တော်ရေဘဝဲအတွက်လည်း အကုန်အကျခံခဲ့တဲ့ ငွေက ဒေါ်လာ ၁သိန်းခွဲပါတဲ့။
(၄) Mike Tyson နဲ့သူ့ရဲ့ ခိုများ

Photo: CBSNews
ဂန္ဓဝင်လက်ဝှေ့ကျော် လူကြမ်းကြီး မိုက်ခ်တိုင်ဆင်မှာ Bengal ကျား ၃ ကောင်တောင် ရှိခဲ့ဖူးပါတယ်။ နောက်ထပ် နာမည်ကြီးတာက ဟဲဗီးဝိတ်ကမ္ဘာ့ချန်ပီယံဟာ ခိုတွေကိုလည်း မွေးရတာ ပျော်မွေ့သူဖြစ်ပါတယ်။ သိရသလောက်ဆိုရင် မိုက်တိုင်ဆင်မှာ ခိုအကောင်ရေ ၇၀ ကျော်တောင် ရှိခဲ့တယ်လို့ ဆိုပါတယ်။
