စိတ်ရောကိုယ်ပါ မရွှင်လန်းပဲ မလန်းမဆန်းဖြစ်နေတဲ့ နေ့ရက်မျိုး လူတိုင်းကြုံဖူးကြမှာပါ။ အများစုကတော့ အိပ်ရေးမဝလို့ စိတ်မကြည်လို့ ဒီလိုခံစားချက်မျိုး ခံစားရတယ်လို့ ထင်မိတက်ကြပါတယ်။ လန်းဆန်းအောင် အားဖြည့်အချိုရည်တွေ သောက်ပေမယ့် သိပ်ပြီးထူးခြားမနေပဲ ပုံမှန်အတိုင်းမလန်းမဆန်းဖြစ်နေတယ်ဆိုရင် အခုပြောပြမယ့်အချက်တွေနဲ့ ကိုက်ညီနေလားဆိုတာ ဆန်းစစ်ကြည့်ဖို့အကြံပြုချင်ပါတယ်။
(၁) ရေဓာတ်ပြည့်ဝစွာမရခြင်း

Source : Medical News Today
သင့်ခန္ဓာကိုယ်ဟာ ရေဓာတ်ပြည့်ဝစွာမရဘူးဆိုရင် ရေငတ်ခြင်းကိုဖြစ်စေပြီး ခံတွင်းကိုခြောက်သွေ့စေပါတယ်။ ဒါကလည်း ပင်ပန်းနွယ်မှုကိုဖြစ်စေတဲ့ အကြောင်းအရင်းတစ်ခုဖြစ်ပါတယ်။ သင့်ခန္ဓာကိုယ်မှာ ရေဓါတ်ခန်းခြောက်နေပြီဆိုရင် ချွေးထွက်လွန်တာ၊ ဝမ်းလျှောတာနဲ့ အော့အန်တာတွေအထိဖြစ်ပွားနိုင်ပါတယ်။ ဒါကြောင့် တစ်နေ့တာအတွက် လုံလောက်တဲ့ရေဓာတ်ပမာဏကို ဖြည့်တင်းပေးဖို့လိုအပ်ပါတယ်။
(၂) စိတ်ဖိစီးမှုများခြင်း

Source : Sante Center For Healing
လူတစ်ယောက်က စိတ်ဖိစီးမှုများနေတယ်ဆိုရင် စိတ်ကသိကအောက်ဖြစ်စေရုံသာမက အမြဲပင်ပန်းနွယ်နယ်မှုကိုခံစားရစေပါတယ်။ စိတ်ဖိစီးမှုကြောင့် ညဘက်အိပ်စက်အနားယူရန်ခက်ခဲစေပြီး ပင်ပန်းမှုကို ပိုဆိုးစေပါတယ်။ စိတ်ဖိစီးမှုများတာက သင့်ရဲ့တစ်နေ့တာကို မလန်းမဆန်းဖြစ်စေနိုင်တဲ့အကြောင်းအရင်းတစ်ခုဖြစ်တာကြောင့် စိတ်ဖိစီးမှုလျော့ကျစေမယ့် အလေ့အကျင့်လေးတွေကို ပုံမှန်လုပ်ဆောင်ပေးသင့်ပါတယ်။
(၃) အထိုင်များခြင်း

Source : Dreamstime
အထိုင်များတဲ့လူနေမှုပုံစံက ခန္ဓာကိုယ်စွမ်းအင်ကိုလျော့ကျစေပြီး စိတ်ပင်ပန်းနွမ်းနယ်ခြင်း အားကုန်ခြင်းတွေခံစားရစေနိုင်ပါတယ်။ ဒါကြောင့် တစ်နေ့တာမှာအထိုင်များတဲ့ ရုံးဝန်ထမ်းတွေ အနေနဲ့ အချိန်တိုင်းနီးပါးမလန်းမဆန်းဖြစ်ခြင်းတွေပိုပြီး ခံစားကြရတာဖြစ်ပါတယ်။ သင့်အနေနဲ့ အတက်နိုင်ဆုံး ခန္ဓာကိုယ်ကိုလှုပ်လှုပ်ရှားရှာနေပေးသင့်ပြီး အထိုင်များတဲ့ဝန်ထမ်းတစ်ယောက်ဖြစ်ရင်တောင်မှ မကြာခဏလမ်းလျောက်ပေးတာ အကြောလျော့လေ့ကျင့်ခန်းတွေလုပ်ပေးတာမျိုးလုပ်ဆောင်သင့်ပါတယ်။
(၄) အိပ်ချိန်နည်းပါးခြင်း

Source : Rugged Standard
အရွယ်ရောက်ပြီးသား လူတစ်ယောက်အတွက် တစ်ညကိုအနည်းဆုံး ၇ နာရီ အိပ်စက်ဖို့လိုပါတယ်။ သင်ကအမြဲလိုလို ပင်ပန်းနွမ်းနယ်နေတယ်ဆိုရင် ပထမအဆင့်စဉ်းစားရမှာ ညစဥ်အိပ်ချိန် ၇နာရီပြည့်အောင် အိပ်စက်ရဲ့လားဆိုတာပါပဲ။ တကယ်လို့ သင်က ညအိပ်ချိန် ၇နာရီ ပြည့်ပေမယ့် မကြာခဏနိုးတာမျိုးဖြစ်နေတယ်ဆိုရင်တော့ ဆရာဝန်နဲ့တိုင်ပင်ဖို့ အကြံပြုချင်ပါတယ်။
(၅) သင့်တင့်မျှတစွာမစားသုံးခြင်း

Source : LA Fitness
ဗီတာမင်နဲ့သတ္တုဓါတ်ချို့တဲ့ခြင်းက ပင်ပန်းနွမ်းနယ်မှုကိုဖြစ်စေပါတယ်။ သံဓါတ်၊ ဗီတာမင် B12၊ Omega 3 Fatty Acid နဲ့ ဗီတာမင်ဒီချို့တဲ့တာတွေ အဓိကပါဝင်ပါတယ်။ ဒါ့ကြောင့် အမြဲပင်ပန်းနွမ်းနယ်နေတယ်လို့ ခံစားနေရတာကိုသက်သာအောင် ကျန်းမာရေးနဲ့မညီညွတ်တဲ့ အဆီများ၊ သကြားဓါတ်များတဲ့အစားအစာများနဲ့ ပြုပြင်ဖန်တီးထားတဲ့ အစားအသောက်တွေကို ရှောင်သင့်ပါတယ်။
