ကိုယ့်ရဲ့ခန္ဓာကိုယ် အနံ့အသက်နဲ့ ပတ်သက်ပြီး မိမိကိုယ်ကို ယုံကြည်ချက် ကျဆင်းနေပါသလား။ ခန္ဓာကိုယ် အနံ့ဆိုးထွက်ခြင်းက လူပုံအလယ်မှာ မိမိကိုယ်ကို ယုံကြည်မှုကျဆင်းစေတာတော့ အမှန်ပါပဲ။ ဒီလိုမျိုး ခန္ဓာကိုယ်အနံ့ဆိုးခြင်း၊ မွှေးခြင်းက မျိုးရိုးဗီဇနဲ့လည်း သက်ဆိုင်သလို သင် စားသုံးလိုက်တဲ့အစားအစာပေါ်မှာလည်း အများကြီး မူတည်နေပါတယ်။
ဒီဆောင်းပါးထဲမှာတော့ ဘယ်အစားအစာက ကိုယ်နံ့ဆိုးစေပြီး ဘယ်အစားအစာတွေကတော့ ကိုယ်နံ့သင်းပျံ့စေသလဲဆိုတာကို ဖော်ပြပေးမှာပဲဖြစ်ပါတယ်။
နွားနို့နှင့် ဒိန်ချဉ်

နွားနို့ထဲမှာ Choline လို့ခေါ်တဲ့ ကိုယ်နံ့ဆိုးစေသော ဒြပ်ပေါင်းများ ပါဝင်ပါတယ်။ နွားနို့အစားထိုး စားသုံးသင့်တဲ့အစားအစာကတော့ ဒိန်ချဉ်ပဲဖြစ်ပါတယ်။ ဒိန်ချဉ်ထဲမှာပါဝင်တဲ့ ဗီတာမင်ဒီက ခံတွင်းထဲရှိ ဘက်တီးရီးယားများကို သေစေပြီး ခံတွင်းအနံ့အသက်ဆိုးများကို ဖယ်ရှားပေးပါတယ်။
ကော်ဖီနှင့် ဆေးဖက်ဝင်လက်ဖက်ရည်

ကော်ဖီနှင့် အခြားကာဖိန်းဓာတ် များပြားစွာပါဝင်တဲ့ဖျော်ရည်များက ခန္ဓာကိုယ်အနံ့ ဆိုးစေပါတယ်။ ဒါပေမဲ့ ဆေးဖက်ဝင် Herbal Tea များကတော့ Antioxidants များ ကြွယ်ဝစွာပါဝင်တဲ့အတွက်ကြောင့် ကိုယ်နံ့သင်းနေအောင် ကူညီပေးပါတယ်။
ပန်းဂေါ်ဖီနှင့် ပန်းသီး

ပန်းဂေါ်ဖီထဲမှာ ကိုယ်နံ့ဆိုးစေတဲ့ Choline ဓာတ်ပါဝင်ပေမယ့် ပန်းသီးထဲမှာတော့ ခံတွင်းနံ့ သင်းစေတဲ့ သဘာဝပစ္စည်းများ ပါဝင်ပါတယ်။
လိမ္မော်သီးနှင့် ရွှေဖရုံသီး

ရွှေဖရုံသီးထဲမှာ Trimethylamine ဓာတ်များ ပေါကြွယ်ဝစွာပါဝင်ပါတယ်။ ခန္ဓာကိုယ်ထဲမှာ Trimethylamine ဓာတ်များ စုပုံလာပါက ကိုယ်နံ့ဆိုးခြင်း စတင်လာပါတယ်။ ဒါပေမဲ့ လိမ္မော်သီးကဲ့သို့ အချဉ်ဓာတ် ကြွယ်ဝတဲ့ သစ်သီးများကတော့ ပင်ကိုယ်ရနံ့သင်းနေပြီး စားသုံးပြီးတာနဲ့ ခန္ဓာကိုယ်က ထိုရနံ့ကို ချက်ချင်းဆိုသလို စုပ်ယူလိုက်ပါတယ်။
ကြက်သွန်နီ၊ ကြက်သွန်ဖြူနှင့် သစ်ကြမ်းပိုးခေါက်၊ ဖာလာစေ့

ကြက်သွန်နီ၊ ကြက်သွန်ဖြူများမှာ အော်ဂဲနစ်ဆာလဖာဒြပ်ပေါင်းများ ပါဝင်ပြီး ထိုဒြပ်ပေါင်းများက ချွေးပေါက်များမှတဆင့် ခန္ဓာကိုယ်အပြင်သို့ ထွက်သွားပြီး ကိုယ်ခံဆိုးခြင်း ဖြစ်ပေါ်လာပါတယ်။
ဆန့်ကျင်ဘက်အနေနဲ့ သစ်ကြမ်းပိုးခေါက်နှင့် ဖာလာစေ့များကတော့ ခန္ဓာကိုယ်ကို သင်းပျံ့လန်းဆန်းစေတဲ့ ဒြပ်ပေါင်းများ ပါဝင်ပါတယ်။
ကညွှတ်နှင့် နံနံပင်များ

ကညွှတ်ထဲမှာပါဝင်တဲ့ အက်ဆစ်ဓာတ်တစ်မျိုးက စားသုံးပြီးတဲ့နောက်မှာ ခန္ဓာကိုယ်အနံ့ဆိုးထွက်စေတဲ့ ဆာလက်ဖာဒြပ်ပေါင်းအဖြစ် ပြိုကွဲသွားပါတယ်။ ရှမ်းနံနံ၊ တရုတ်နံနံ စတဲ့ နံနံပင်များကတော့ Pheromones ဓာတ်ကို ထုတ်လွှတ်ပေးပြီး ကိုယ်နံ့သင်းပျံ့စေပါတယ်။
အနီရောင်အသားနှင့် အဖြူရောင်ငါး

လေ့လာချက်တစ်ခုအရ နှစ်ပတ်တိတိ အသားမစားတဲ့ အမျိုးသားများက အသားစားတဲ့ အမျိုးသားတွေထက် ခန္ဓာကိုယ်အနံ့ ပိုမိုသင်းပျံ့ပြီး ဆွဲဆောင်မှုပိုရှိတယ်လို့ အမျိုးသမီးများက ဝန်ခံထားကြပါတယ်။ ငါးများမှာတော့ အနီရောင်အသားလိုမျိုး ခန္ဓာကိုယ်အနံ့ဆိုးစေတဲ့ဒြပ်ပေါင်းများ မပါဝင်တာကြောင့် စိတ်ချစွာ စားသုံးနိုင်ပါတယ်။
စာဖတ်သူတို့အားလုံးလည်း သင်းပျံ့တဲ့ကိုယ်သင်းရနံ့များ ပိုင်ဆိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်။
Source: Brightside.me
