ဘယ်လိုပဲ ဆိုးဝါးတဲ့ဖြစ်ရပ်တွေ ၊ ကြမ်းတမ်းရက်စက်တဲ့ လုပ်ရပ်တွေ ရှိခဲ့ပေမယ့် ကျွန်တော်တို့ဘဝမှာ လှပပြီး နူးညံ့သိမ်မွေ့လှတဲ့ မေတ္တာတရားဆိုတာလည်း ရှိသေးတယ်ဆိုတာ မမေ့ဖို့ လိုပါတယ်။ လူပဲ ဖြစ်ဖြစ် တိရစ္ဆာန်ပဲဖြစ်ဖြစ် ချစ်ခြင်းမေတ္တာနဲ့ ကြင်နာမှုဟာ ကူးလူးဆက်ဆံနေဆဲဆိုတာကို သက်သေပြနေတဲ့ ဓါတ်ပုံတချို့ မျှဝေပေးချင်ပါတယ်။ ကမ္ဘာကြီးမှာ ဒေါသ ၊ လောဘအားကြီးလာချိန်မှာ မေတ္တာနဲ့ မျှဝေခံစားမှုတွေကို သတိရနေဖို့ ဖြစ်ပါတယ်။

Photo: Brightside Me
ပထမဆုံးပုံကတော့ မျက်လုံးတစ်လုံးပဲ ကောင်းတဲ့ လူတစ်ယောက် မျက်လုံးတစ်ဖက်ကန်းနေတဲ့ခွေးလေးတစ်ကောင်ကို ဝယ်လာတဲ့ပုံ ဖြစ်ပါတယ်။ ဒီပုံကို သူ့အကိုက ရိုက်ကူးထားတာ ဖြစ်ပြီး မွေးရာပါ မျက်လုံးတစ်ဖက်ကန်းနေလို့ ဘယ်သူမှ မလိုချင်တဲ့ခွေးလေးကို ဝယ်ခဲ့တာလို့ ဆိုပါတယ်။ ပုံထဲမှာ ဘဝတူ လူနဲ့ခွေး သတ္တဝါနှစ်ခုရဲ့ မေတ္တာကို ထင်ဟပ်ပြသနေတာ မြင်ရမှာပါ။

Photo: Brightside Me
နောက်တစ်ပုံက ဖလော်ရီဒါမှာ ဟာရီကိန်းမုန်တိုင်းမတိုက်ခင် မြင်ကွင်းဖြစ်ပါတယ်။ မုန်တိုင်းကြောင့် မီးပျက်တော့မှာမို့ ဆိုင်တွေမှာ ရှိတဲ့ လျှပ်စစ်မီးအားစက်တွေ ရောင်းကုန်နေပါတယ်။ အောက်ဆီဂျင်စက်မရှိရင် အသက်မရှင်နိုင်တော့တဲ့ ဖခင်အတွက် မီးစက်အသည်းအသန်လိုအပ်နေတဲ့ အမျိုးသမီးတစ်ယောက်ကို သူစိမ်းတစ်ယောက်က သူဝယ်ထားတဲ့ Generator ပေးနေတာ ဖြစ်ပါတယ်။ ကိုယ်မှာ နောက်ဆုံးကျန်ခဲ့တဲ့ တစ်ခုတည်းသောအရာကို စွန့်လွှတ်သူတို့ရဲ့ အလှကို ဒီပုံမှာ တွေ့နိုင်ပါတယ်။

Photo: Brightside Me
လူတွေဟာ တိရစ္ဆာန်တွေပေါ်မှာ မေတ္တာညွှတ်ဖို့ ပိုလွယ်ပါတယ်။ ဘယ်လောက်ကြမ်းတမ်းတဲ့သူ ဖြစ်ဖြစ် သူချစ်တဲ့ တိရစ္ဆာန်တစ်ကောင်ကောင်တော့ ရှိကြတာပါပဲ။ ဒီပုံထဲမှာ ပါတဲ့ အဘိုးအိုတစ်ဦးက တိရိစ္ဆာန်လေးတွေ ခိုလှုံရာနေရာဆီ ဘောလုံးလေးတွေ ယူလာတဲ့ ပုံဖြစ်ပါတယ်။ လူတစ်ယောက်ရဲ့ ကရုဏာနဲ့ လှပတဲ့ စိတ်ထားကို ဖော်ညွှန်းနိုင်တဲ့ ပုံတွေထဲက တစ်ပုံပါပဲ။

Photo: Brightside Me
နောက်တစ်ပုံကတော့ မြောက်ကိုရီးယားနိုင်ငံသားတစ်ယာက်နဲ့ တောင်ကိုရီးယားနိုင်ငံသားတို့ အချင်းချင်း လက်ဝှေ့ယမ်းနှုတ်ဆက်နေပုံ ဖြစ်ပါတယ်။ သိတဲ့အတိုင်း တောင်-မြောက် ကိုရီးယား နှစ်နိုင်ငံဟာ ဆယ်စုနှစ်များစွာ ရန်စောင်တဲ့အဆင့်အထိ ရောက်လာတဲ့ တစ်နိုင်ငံတည်းကနေ ကွဲသွားတဲ့ နိုင်ငံနှစ်ခု ဖြစ်ပါတယ်။ အခုပုံမှာ ပါတဲ့ ကိုရီးယားသားနှစ်ယောက်က ညီအကိုတွေ ဖြစ်ပါတယ်။ တောင်-မြောက် ကိုရီးယား မိသားစုတွေ ယာယီ ပြန်လည်တွေ့ဆုံပွဲအပြီးမှာ အချင်းချင်း နှုတ်ဆက်နေတာကို ရိုက်ကူးထားတာ ဖြစ်ပါတယ်။

Photo: Brightside Me
ဒီပုံလေးမှာ မိသားစုမေတ္တာကို တွေ့ရနိုင်ပါတယ်။ ဖခင်ဖြစ်သွားတဲ့ သားတစ်ယောက်ကို သူ့အဖေက အနောက်ဘက်ကနေ ကြည့်နေတဲ့ ပုံဖြစ်ပါတယ်။ ဒီပုံထဲက သားဖြစ်သူက ဘာတွေ တွေးနေမလဲ။ အဲဒီသားရဲ့ အဖေဖြစ်သူမှာရော ဘယ်လို ခံစားချက်တွေ ဖြစ်နေမလဲဆိုတာ တွေးကြည့်ရုံနဲ့တင် ကြည်နူးရင်ခုန်စရာ ဖြစ်နေပါလိမ့်မယ်။

Photo: Brightside Me
နောက်ဆုံးပုံလေးနဲ့ မိတ်ဆက်ပေးချင်ပါသေးတယ်။ ဒီပုံထဲမှာ အမျိုးသမီးတစ်ယောက် ပြုံးနေတာ တွေ့ရပါလိမ့်မယ်။ သူမဟာ မီးလောင်နေတဲ့ ကျောင်းဘတ်စ်ကားပေါ်က ကလေး ၄၀ ကို ကယ်တင်ပြီးနောက် ပြုံးတဲ့ အပြုံးဖြစ်ပါတယ်။ ကျွန်တော်တို့ကို ကယ်တင်နေတာ ကျွန်တော်တို့ကိုယ်တိုင်နဲ့ ကျွန်တော်တို့ အချင်းချင်းပါပဲ။ ဒီပုံလေးတွေမှာ ကမ္ဘာကြီးပေါ်က မကွယ်ပျောက်သေးတဲ့ မေတ္တာအလင်းရောင်တချို့ကို ဟနေတဲ့ ပြတင်းတံခါးက မြင်သလို မြင်ရမယ်လို့ ယုံကြည်ပါတယ်။
