တစ်ယောက်တည်းနေရတာဟာ အထီးကျန်ဆန်တယ်လို့ ထင်ရပေမယ့် တစ်ခါတစ်လေမှာ တစ်ယောက်တည်းနေတဲ့အခိုက်အတန့်မျိုး ဖန်တီးယူသင့်ပါတယ်။ အလုပ်တွေ စိတ်ရှုပ်စရာတွေ ဆိုရှယ်မီဒီယာတွေအားလုံးကိုမေ့ထားပြီး တစ်ယောက်တည်းကောင်းကောင်းအနားယူခြင်းဖြင့် စိတ်နဲ့ကိုယ်ခန္ဓာအတွက် အားသစ်တွေပြန်လည်ဖြည့်တင်းပေးဖို့လိုပါတယ်။ ဒါကြောင့်ဒီနေ့မှာတာ့ တစ်ယောက်တည်းပျော်စရာကောင်းအောင် ဖြတ်သန်းလို့ရမယ့်နည်းလမ်းတွေ မျှဝေပေးချင်ပါတယ်။
Source : Freepik
စိတ်ပူပင်စရာတွေမရှိပဲ တစ်ယောက်တည်းအေးအေးချမ်းချမ်းအနားယူလို့ကောင်းတဲ့ နည်းလမ်းက စာဖတ်ခြင်းပါ။ စာဖတ်ခြင်းက စိတ်ကိုအေးချမ်းစေပြီး အသိပညာဗဟုသုတတွေများစွာတိုးပွားစေပါတယ်။ ကိုယ့်အိမ်မှာ နေရောင်ခြည်ကောင်းကောင်းရပြီး လေဝင်လေထွက်ကောင်းတဲ့နေရာလေးတစ်ခုရှာပြီး ကော်ဖီတစ်ခွက် အကြိုက်ဆုံးစာအုပ်လေးတစ်အုပ်နဲ့ စိတ်လက်ပေါ့ပါးစွာအနားယူလိုက်ပါ။စာအုပ်ဖတ်ရတာပျင်းလာရင် ရုပ်ရှင်တွေဘက်ခဏလှည့်လိုက်ကြတာပေါ့။ ရုပ်ရှင်ကြည့်ခြင်းကလည်း စိတ်အပန်းပြေဖို့အကောင်းဆုံးနည်းလမ်းတစ်ခုဖြစ်ပါတယ်။ ကြည့်တက်ရင်ရုပ်ရှင်တွေကနေ ဘဝအတွက်သင်ခန်းစာတွေ ခွန်အားတွေ ဗဟုသုတတွေနဲ့ နိုင်ငံခြားဘာသာလေ့လာဖို့အတွက်အကောင်းဆုံး အခွင့်အရေးတွေပေးစွမ်းနိုင်ပါတယ်။ ဒါကြောင့် ကိုယ်ကြိုက်တဲ့ ရုပ်ရှင်တွေ စီးရီးတွေကို တစ်နေ့ကုန်သာထိုင်ကြည့်လိုက်ပါ။
ယောကျာ်းလေးတွေက ဟင်းမချက်တက်ဘူးလို့ထင်ရပေမယ့် တစ်ချို့ဟင်းချက်ဝါသနာပါတဲ့ ယောကျာ်းလေးတွေရဲ့ အချက်အပြုတ်လက်ရာကတော့ ကြယ်ငါးပွင်းအဆင့်ပေးလို့ရလောက်ပါတယ်။ ဟင်းချက်တာ ပျော်စရာကောင်းပြီး ဖန်တီးမှုစွမ်းရည်တွေတိုးတက်စေနိုင်ပါတယ်။ ဒါကြောင့် တစ်ယောက်တည်းနေတဲ့အချိန်မှာ ကိုယ်စားချင်တဲ့ အစားအသောက်လေးတွေကို ကိုယ်တိုင်ချက်ပြုတ်ပြင်ဆင်ပြီး စားကြည့်ပါနော်။နေ့လည်နေ့ခင်းတစ်ရေးတစ်မောအိပ်ရတာ မကြိုက်တဲ့သူတော့ရှိမယ်မထင်ပါဘူး။ နေ့လည်နေ့ခင်း အိပ်စက်တာက ဦးနှောက်နဲ့ မှတ်ဉာဏ်စွမ်းရည်ကိုတိုးတက်စေပြီး အားအင်ပြည့်ဝလန်းဆန်းစေပါတယ်။ ဒါကြောင့် တစ်ယောက်တည်းနေတဲ့အချိန်မှာ ကိုယ်ကိုယ်ကို အကောင်းဆုံးအနားယူအပန်းဖြေခြင်းတွေပေးစွမ်းနိုင်ဖို့ တစ်ရေးတစ်မောအိပ်စက်အနားယူပါ။
Source : Freepik
ကိုယ်ရဲ့နေအိမ်လေးကို သန့်ရှင်းသပ်ရပ်စွာထားခြင်းကလည်း စိတ်ကြည်လင်လန်းဆန်းစေပြီး ကောင်းမွန်တဲ့စိတ်အခြေအနေကိုရရှိစေပါတယ်။ ဒါကြောင့် အိမ်လေးကို သန့်ရှင်းတောက်ပြောင်သွားစေဖို့ သန့်ရှင်းရေးစလုပ်ပါ။ ဖြေးဖြေးချင်း ပစ္စည်းတွေနေရာပြန်ချပါ။ မလိုအပ်တဲ့အသုံးမဝင်တော့တဲ့ ပစ္စည်းအဟောင်းအပျက်တွေကို သေချာထုပ်ပိုးပြီး စွန့်ပစ်ပါ။ နေအိမ် အခန်းလေးကသန့်ရှင်းသပ်ရပ်နေရင် ကိုယ်လည်းစိတ်ပျော်ရွှင်မှုကိုခံစားရမှာသေချာပါတယ်။