တချို့သော ရုပ်ရှင်ဇာတ်ကားတွေက ကြည့်ရှုသူတွေကို စိတ်လက်ပေါ့ပါးပျော်ရွှင်မှုကိုရစေတယ်။ တချို့ဇာတ်ကားတွေကျတော့လည်း မေးခွန်းများစွာ ၊ တွေးတောစရာတွေ ၊ ထိတ်လန့်မှု ၊ အံ့ဩခြင်းစတဲ့ ရသမျိုးစုံပေးတယ်။ တချို့ဇာတ်ကားတွေက စိတ်ဓာတ်ခွန်အားတွေ များစွာရစေတယ်။ ဒီနေ့ ရုပ်ရှင်ချစ်ပရိသတ်တွေကို မျှဝေပေးချင်တဲ့ဇာတ်ကားတွေကတော့ စိတ်ဓာတ်ကျနေချိန်မှာကြည့်သင့်တဲ့ ခွန်အားဖြစ်စရာရုပ်ရှင်ဇာတ်ကားကောင်းတွေပဲ ဖြစ်ပါတယ်။
(၁) The Pianist (2002)
Source : IEVENN
The Pianist ရုပ်ရှင်ဇာတ်ကားဟာ ဒုတိယကမ္ဘာစစ်ကြီး (၁၉၃၉ – ၁၉၄၅ ခုနှစ်) အတွင်း ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ စန္ဒယားပညာရှင်တစ်ယောက်ရဲ့ အတ္ထုပ္ပတ္တိကို မှီငြမ်းပြီး ပြန်လည်ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဂီတက သူရဲ့စိတ်အားထက်သန်မှု ၊ သူ့ကိုအသက်ဆက်ရှင်သန်စေခဲ့တာကလည်း သူရဲ့အပြောင်မြောက်ဆုံးဂီတလက်သံကြောင့်ပဲဆိုတဲ့ ဂျူးလူမျိုးစန္ဒယားဆရာ Wladyslaw Szpilman ရဲ့ စစ်ပွဲအတွင်းကြုံတွေ့ခဲ့ရတဲ့အဖြစ်အပျက်တွေ ၊ အသက်ရှင်သန်နိုင်ရေးအတွက် အန္တရာယ်များစွာကြားက ရုန်းကန်ခဲ့ရပုံတွေကို ရိုက်ကူးတင်ဆက်ထားတဲ့ ရုပ်ရှင်ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။
(၂) A Beautiful Mind (2001)
Source : Variety
A Beautiful Mind ဇာတ်ကားဟာလည်း အမေရိကန်သင်္ချာပညာရှင် John Nash ရဲ့ဘဝဇာတ်ကြောင်းကို သရုပ်ဖော်ရိုက်ကူးတင်ဆက်ထားတဲ့ အတ္ထုပ္ပတ္တိ ရုပ်ရှင်ကားဖြစ်ပါတယ်။ သူ့ဘဝဖြတ်သန်းပုံတွေ ၊ ခက်ခဲကြမ်းတမ်းမှုတွေ ၊ ဘဝအချိုးအကွေ့အလှည့်အပြောင်းတွေနဲ့ နှစ်ပေါင်းများစွာရုန်းကန်လှုပ်ရှားပြီး နောက်ဆုံးနိုဘယ်ဆုရရှိခဲ့ပုံတွေကို စိတ်ဝင်စွားဖွယ်ရာ ရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်တာကြောင့်လူငယ်တွေကြည့်ရှု့သင့်တဲ့ ခွန်အားဖြစ်ဖွယ်ရာ ရုပ်ရှင်ဇာတ်ကားတစ်ကားဖြစ်ပါတယ်။
(၃) Freedom Writers (2007)
Source : MUBI
Freedom Writers ရုပ်ရှင်ဇာတ်ကားဟာ ကျောင်းဆရာ/ဆရာမတွေနဲ့ ကျောင်းသားလူငယ်တွေအတွက်စဉ်းစားဆင်ခြင်စရာ ၊ စိတ်ခွန်အားဖြစ်စရာတွေ များစွာရစေမယ့် ရုပ်ရှင်ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ ကလေးတွေရဲ့ဘဝကို တိုးတက်အောင်လုပ်ဆောင်ပေးချင်တဲ့ရည်မှန်းချက်ရှိသူ လူဖြူဆရာမငယ်လေး Erin Gruwell ဆိုသူဟာ လူမျိုးရေးခွဲခြားခံထားရတဲ့ ဆယ်ကျော်သက် လူမည်းကျောင်းသားလေးတွေအများစုရှိတဲ့ ကျောင်းတစ်ကျောင်းမှာစာသင်ဖို့ ဆုံးဖြတ်ခဲ့ပြီး ဆိုးသွမ်းတယ်လို့နာမည်တပ်ခံထားရတဲ့ ကျောင်းသားလေးတွေကို အခက်အခဲတွေ စိန်ခေါ်မှုတွေများစွာကြားက သူမဘယ်လိုပြုပြင်ပြောင်းလဲပေးနိုင်မလဲ ဆိုတာ စိတ်ဝင်စားဖွယ်ကြည့်ရှု့ရမှာ ဖြစ်ပါတယ်။
(၄) 127 Hours (2010)
Source : Roger Ebert
127 Hours ရုပ်ရှင်ဇာတ်ကားဟာ တောတွင်းခြေလျင် ခရီးကြမ်းလျောက်သူ Aron Ralston ရဲ့ အံ့ဩစရာကောင်းတဲ့အဖြစ်အပျက်ကို ပြန်လည်ရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ ခရီးကြမ်းလျောက်ရင်း တောတွင်းတစ်နေရာမှာ မတော်တဆမှုတစ်ခုဖြစ်ခဲ့ကာ ချောက်ထဲကျသွားခဲ့ပြီး သူရဲ့လက်ဟာ ကျောက်ဆောင်တွေကြားမှာညှပ်နေခဲ့တာပါ။ ဒီမတော်တဆဖြစ်ချိန်ကစပြီး ၁၂၇ နာရီဆိုတဲ့ ၅ရက်တာအချိန်အတွင်းမှာ သူဘယ်လိုအသက်ရှင်နေနိုင်ဖို့ကြိုးစားခဲ့လဲ ကျောက်ဆောင်တွေကြားကလွတ်မြောက်အောင် ဘယ်လိုနည်းလမ်းတွေရှာဖွေခဲ့လဲဆိုတာကို ရင်ခုန်စိတ်လှုပ်ရှားဖွယ်ကြည့်ရှု့ရမှာဖြစ်ပါတယ်။