ချစ်သူစုံတွဲတွေကြားမှာ နားလည်မှုလွဲတာ ၊ ငြင်းခုန်ရတာ ၊ သဘောထားကွဲလွဲတာတွေက ဖြစ်လေ့ဖြစ်ထရှိတဲ့ ကိစ္စတွေဖြစ်ပါတယ်။ သို့သော်လည်း တချို့သော အငြင်းပွားတွေ ပဋိပက္ခတွေက မလိုအပ်တဲ့ပြောဆိုဆက်ဆံမှု အပြုအမူတွေ ၊ စကားလုံးအသုံးအနှုန်းတွေကြောင့် ဖြစ်လာတယ်ဆိုတာကိုလည်း သတိပြုမိစေချင်ပါတယ်။ ဒီနေ့တော့ ချစ်သူစုံတွဲတွေကြား ပိုမိုကောင်းမွန်တဲ့ ဆက်ဆံရေးတစ်ခုတည်ဆောက်နိုင်ဖို့ သိထားသင့်တဲ့ ဆောင်ရန်ရှောင်ရန်အချက်လေးတွေ မျှဝေပေးချင်ပါတယ်။
(၁) ထပ်တလဲလဲပြောဆိုခြင်းကိုရှောင်ပါ

စကားတစ်ခုကို ထပ်တလဲလဲပြောဆိုနေမယ်ဆိုရင် သင့်ရဲ့စကားကို တစ်ဖက်လူနားထောင်နိုင်တော့မှာ မဟုတ်ပါဘူး။ သင်တို့ နှစ်ဦးဆွေးနွေးညှိနှိုင်းထားပြီးသည်တိုင်အောင် သင့်ကဒီစကားတွေပဲ ထပ်ထပ်ပြောနေမယ်ဆိုရင် တစ်ဖက်လူအနေနဲ့ စိတ်ဆိုးသွားစေနိုင်ပါတယ်။ အကယ်၍ ကိစ္စတစ်ခုကိုပဲ နောက်တစ်ကြိမ်ထပ်ပြောဖို့လိုလာပြီဆိုရင် ကိုယ့်ရဲ့ အသံ ၊ စကားလုံးအသုံးအနှုန်းတွေကို အတက်နိုင်ဆုံး သတိထားပြောဆိုဖို့ အကြံပြုချင်ပါတယ်။
(၂) ကိုယ့်ရဲ့ခံစားချက်ကို အရင်သိအောင်လုပ်ပါ

ခံစားချက်တွေက လူတစ်ယောက်ရဲ့ထင်မြင်ယူဆချက်တွေ ၊ ဝေဖန်ပိုင်းခြားနိုင်စွမ်းတွေကို မှားယွင်းစေနိုင်တာကြောင့် သင့်အနေနဲ့ အရင်ဆုံး ကိုယ့်ရဲ့ စိတ်ခံစားချက်တွေကို နားလည်အောင်ကြိုးစားဖို့လိုပါလိမ့်မယ်။ ကိုယ့်စိတ်ခံစားချက်ပေါ်မူတည်ပြီး တစ်ဖက်လူအပေါ်ပြောဆိုဆက်ဆံမိမယ်ဆိုရင် မလိုလားအပ်တဲ့ ပြဿနာတွေ နားလည်မှုလွဲခြင်းတွေဖြစ်လာနိုင်ပါတယ်။ဒါကြောင့် ကိုယ့်စိတ်ခံစားကို အရင်ဆုံးထိန်းချုပ်ဖို့ ကြိုးစားပါ။
(၃) အဆုံးသတ်စကားပြောဆိုခြင်းကိုရှောင်ပါ

ပြဿနာတစ်ခုဖြစ်တဲ့အခါ ပြဿနာကိုဦးစားမဖြေမရှင်းပဲ ဒါဆိုလမ်းခွဲမကြမလား ၊ အဆုံးသတ်လိုက်မလားဆိုတဲ့ နောက်ဆုံးအဆင့်စကားတွေကို ကျော်ပြီးမပြောသင့်ပါဘူး။ ပြဿနာတစ်ခုဖြစ်တိုင်း အဆုံးသတ်စကားပြောဆိုတာဟာ သင့်တို့ရဲ့ relationships ကိုရေရှည်တည့်တံ့အောင်ထိန်းထားဖို့ ခက်ခဲမှာဖြစ်ပြီး တစ်ယောက်နဲ့တစ်ယောက်မှာလည်း စိတ်ပိုင်းဆိုင်ရာအနာတရတွေဖြစ်လာနိုင်ပါတယ်။
(၄) စကားပြောဆိုပုံသတိပြုပါ

စကားပြောဆိုပုံပေါ်မူတည်ပြီးလဲ တစ်ဦးနဲ့တစ်ဦးကြားက ဆက်ဆံရေးအခြေအနေတွေအားလုံးကို ပြောင်းလဲသွားနိုင်ပါတယ်။ ဥပမာအနေနဲ့ ပြောရရင် ” မနက်က ဘာအတွက်ကြောင့် ဖုန်းမဆက်တာလဲ” ဆိုတဲ့မေးခွန်းထက် ” မနက်ကဖုန်းဆက်ဖို့ မေ့နေတယ်မလား” ဆိုတဲ့ပုံစံမျိုး ပြောင်းမေးမယ်ဆိုရင် တစ်ဖက်လူအနေနဲ့ ကိုယ့်ရဲ့ခံစားချက်ကိုကောင်းစွာနိုင်နားလည်နိုင်ပြီး ကောင်းမွန်တဲ့ဖြေရှင်းချက်မျိုးပေးပါလိမ့်မယ်။
Photo : Freepik
