လက်ရှိအခြေအနေထက် ပိုကောင်းမွန်အောင် ကိုယ့်ကိုယ်ကိုပြောင်းလဲချင်တဲ့ အတွေးမျိုးရှိနေပြီလား။ ကိုယ့်ရဲ့ စတိုင် ၊ စိတ်အခြေအနေ ၊ ဘဝရပ်တည်မှု အားလုံးကိုတိုးတက်ပြောင်းလဲချင်တယ်ဆိုရင်တော့ သင့်အနေနဲ့ လုပ်ဆောင်ရမယ့် အခြေခံအဆင့်လေးတွေ ရှိပါတယ်။ ကဲဘယ်လိုအဆင့်လေးတွေဖြစ်မလဲ ဆက်ဖတ်ကြည့်ရအောင်ပါ။
(၁) မနက်ခင်းအလေ့အထတွေပြောင်းလဲပါ

သင့်ကိုယ်သင်ပြောင်းလဲဖို့ နေ့တစ်နေ့ရဲ့အစ မနက်ခင်းအလေ့အထတွေကို အရင်ဆုံးပြောင်းလဲရပါမယ်။ မနက်ခင်းစောစော အိပ်ရာထပါ။ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းတစ်ခုကို အနည်းဆုံး မိနစ် ၂၀ လောက် မပျင်းမရိ လုပ်ပေးပါ။ လေ့ကျင့်ခန်းလုပ်ပြီးရင် ရေအေးနဲ့ ရေချိုးပါ။ ထို့နောက် အာဟာရပြည့်ဝတဲ့ မနက်စာစားပြီး သတင်းစာဖတ်တာ ၊ စာအုပ်ဖတ်တာမျိုး လုပ်ပေးပါ။ တစ်နေ့တာကို စိတ်ကြည်လင်လန်းဆန်းစွာနဲ့ တက်ကြွစွာဖြတ်သန်းနိုင်ဖို့ ဒီအဆင့်လေးတွေက ကူညီပေးနိုင်ပါတယ်။
(၂) ဝတ်စားဆင်ယင်မှုအမြင်ရှိပါ

အဝတ်အစားက လူတစ်ယောက်ရဲ့ ပုံပန်းသဏ္ဌာန်ကိုအများကြီးပြောင်းလဲစေနိုင်သလို စိတ်ခံစားမှုကိုပြောင်းလဲပေးနိုင်ပါတယ်။ ဒါကြောင့် မိမိခန္ဓာကိုယ်အချိုးအစားနဲ့ ကိုက်ညီမှုရှိတဲ့အဝတ်အစားမျိုးကို သေချာရွေးချယ်ပြီး ဝတ်ဆင်ပါ။ အဓိကအားဖြင့် ကာလံဒေသံနဲ့ကိုက်ညီမှုရှိအောင်ဝတ်ဆင်တက်ဖို့နဲ့ သပ်သပ်ရပ်ရပ် ၊ သန့်သန့်ပြန့်ပြန့်ဝတ်ဆင်တက်ဖို့က အရေးကြီးပါတယ်။ ဒါဆိုရင်အရင်ကထက် သင့်ကိုသင်ယုံကြည်မှုပိုရှိလာမှာဖြစ်ပြီး စိတ်ခံစားမှုလည်း ပိုကောင်းနေပါလိမ့်မယ်။
(၃) ကိုယ့်ကိုယ်ကိုပိုဂရုစိုက်ပါ

ပိုကောင်းတဲ့ သူတစ်ယောက်အဖြစ်ပြောင်းလဲချင်တယ်ဆိုရင် ကိုယ့်ကိုယ်ကိုပိုပြီး ဂရုတစိုက်နေထိုင်ဖို့လိုမှာပါ။ အရင်ကထက် ရုပ်ရောစိတ်ပါကျန်းမာရေးကို ဂရုစိုက်ရမှာဖြစ်ပြီး ကျန်းမာရေးထိခိုက်စေတဲ့ နေထိုင်မှုပုံစံတွေ ၊ အစားအသောက်တွေ ၊ အတွေးတွေကို ဂရုတစိုက်ရှောင်ကြဉ်သွားရမှာဖြစ်ပါတယ်။ တစ်ကိုယ်ရည်သန့်ရှင်းမှုနဲ့ အသားအရေထိန်းသိမ်းခြင်း လုပ်ငန်းစဉ်တွေကလည်း မေ့မထားလို့မရတဲ့ အဆင့်တွေပဲဖြစ်ပါတယ်။
(၄) လေ့လာမှုတွေအမြဲလုပ်နေပါ

သင့်ရဲ့လေ့လာမှုစွမ်းရည်က သင့်ဘဝရပ်တည်မှုအတွက် အပြောင်းအလဲတွေကို ယူဆောင်လာပေးနိုင်ပါတယ်။ လူတစ်ယောက်ဟာ လေ့လာသင်ယူမှုတွေနဲ့အကျွမ်းတဝင်ရှိနေပြီး အသိပညာဗဟုသုတတွေကြွယ်ဝနေမယ်ဆိုရင် တခြားသူတွေထက် ခြေတစ်လှမ်းသာနေမှာဖြစ်ပါတယ်။ ဒါကြောင့် တိုးတက်ပြောင်းလဲချင်သူတစ်ယောက်အနေနဲ့ လုပ်ငန်းခွင် ဒါမှမဟုတ် သက်ဆိုင်ရာနယ်ပယ်မှာ အမြဲလေ့လာသင်ယူမှုတွေလုပ်ဆောင်နေသင့်ပါတယ်။
Photo : Freepik
