လူတစ်ယောက်စီတိုင်းမှာ နှစ်သက်ရာဝါသနာလေးတွေရှိကြပါတယ်။ တချို့က ဘောလုံးကန်တာကဲ့သို့ အားကစားမျိုး ဝါသနာပါကြသလို တချို့ကလည်း အေးအေးဆေးဆေး စာအုပ်ကောင်းတစ်အုပ်ဖတ်ရင်း အချိန်ကုန်ရတာကိုနှစ်သက်ကြပါတယ်။ စာဖတ်ပရိသတ်တွေမှာရော ကိုယ်နှစ်သက်တဲ့ ဝါသနာကောင်းလေးတွေရှိကြတယ် မဟုတ်လား။ ဒီဆောင်းပါးလေးမှာတော့ အမျိုးသားတို့အတွက် ယောကျာ်းပိုပီသပြီး အထာကျစေမယ့် ဝါသနာကောင်းလေးတွေကို ပြောပြပေးမှာဖြစ်ပါတယ်။
(၁) ဝိုင်စိမ်ခြင်း

Source : Freepik
သင်ဟာ ဝိုင်တွေအကြောင်းစိတ်ဝင်စားပြီး ဝိုင်ကို အိမ်မှာကိုယ်တိုင်ပြုလုပ် သောက်သုံးချင်သူတစ်ယောက်ဆိုရင်တော့ ဝိုင်စိမ်ခြင်းဝါသနာက အကောင်းဆုံးဖြစ်ပါလိမ့်မယ်။ ဝိုင်ကောင်းတစ်ခွက်ရဖို့ လက်ဆတ်တဲ့ သစ်သီးတွေနဲ့ နည်းစနစ်ကျကျ ကိုယ်တိုင်သေချာပြင်ဆင်ပြီး အနည်းဆုံး ၄ လလောက်စိမ်ထားရမှာ ဖြစ်ပါတယ်။ ဝိုင်အရသာကောင်းမွန်ပြီး ကျွမ်းကျင်လာပြီဆိုရင် စီးပွားရေးလုပ်ငန်းတစ်ခုအနေနဲ့ပါ လုပ်ကိုင်နိုင်မယ့် ဝါသနာကောင်းတစ်ခုဖြစ်ပါတယ်။
(၂) ဘိလယက် / စနူကာထိုးခြင်း

Source : Freepik
ဘိလယက် / စနူကာထိုးခြင်းဟာ အမျိုးသားအများစုနှစ်သက်တဲ့ ဝါသနာတစ်ခုဆိုတာ ငြင်းလို့မရနိုင်ပါဘူး။ အဓိကအားဖြင့် လေ့ကျင့်မှုပေါ်မူတည်ပြီး ကျွမ်းကျင်တဲ့ ဘိလယက်/ စနူကာထိုးသူတစ်ယောက်ဖြစ်လာစေမှာပါ။ အားလပ်ချိန်မှာ သူငယ်ချင်းတွေနဲ့ ပျော်ပျော်ပါးပါး ကစားလို့ရနိုင်သလို ပရော်ဖက်ရှင်နယ်ကစားသမားတစ်ယောက်အနေနဲ့လည်း ပြိုင်ပွဲတွေဝင်ရောက် ယှဉ်ပြိုင်နိုင်ပါတယ်။
(၃) စစ်တုရင်ကစားခြင်း

Source : Freepik
စဉ်းစားတွေးခေါ်ရတာကြိုက်နှစ်သက်ပြီး ဉာဏ်ကိုလွှာသုံးရတဲ့ ဝါသနာမျိုးနှစ်သက်တယ်ဆိုရင်တော့ စစ်တုရင်ကစားနည်းက သင့်အတွက်အသင့်တော်ဆုံးဝါသနာတစ်ခုဖြစ်မှာ သေချာပါတယ်။ ကစားပွဲမှာ အနိုင်ရဖို့ ကိုယ်တိုင်လည်း နည်းဗျူဟာမျိုးစုံ စဉ်းစားအကွက်ချဖို့လိုသလို တစ်ဖက်လူရဲ့ အရည်အချင်းနဲ့ စဉ်းစားတွေးခေါ်ပုံတွေကိုလည်း မျက်ခြေမပြတ်စောင့်ကြည့်ရမှာဖြစ်ပါတယ်။ စစ်တုရင်ကစားခြင်းဟာ ဖြတ်ထိုးဉာဏ်နဲ့ တွေးခေါ်နိုင်စွမ်းတွေတိုးတက်လာစေမယ့် ဝါသနာကောင်းတစ်ခုဖြစ်ပါတယ်။
(၄) စန္ဒရားတီးခတ်ခြင်း

Source : Freepik
စန္ဒရားတီးခတ်ခြင်းဟာ စိတ်အပန်းပြေစေမယ့်အကောင်းဆုံး ဝါသနာတစ်ခုဖြစ်ပါတယ်။ နေ့စဉ်ဘဝမှာ ဘယ်လောက်ပဲစိတ်ပင်ပန်းမှုတွေ ဖိအားတွေနဲ့ ကြုံတွေ့ရပါစေ စန္ဒရားတီးခတ်လိုက်လို့ထွက်လာတဲ့ ဂီတသံစဉ်တွေက သင့်ကိုအကောင်းဆုံးစိတ်အပန်းပြေမှုကို ပေးစွမ်းနိုင်မယ်ဆိုတာ အသေအချာပါပဲ။ နောက်ပြီး စန္ဒရားတီးခတ်တက်တဲ့အမျိုးသားတွေကို အမျိုးသမီးတွေပိုပြီးသဘောကျတာကလည်း ငြင်းလို့မရတဲ့အချက်တစ်ခုဖြစ်ပါတယ်။
