လောကမှာ အောင်မြင်ချင်ကြတဲ့သူတွေချည်းပါပဲ။ အောင်မြင်ဖို့ရန်အတွက် ဇွဲ၊ လုံ့လ၊ ဝီရိယနဲ့ ကြိုးစားအားထုတ်မှုအများအပြား လိုအပ်သလို အချိန်ကို အကျိုးရှိရှိ အသုံးချတတ်ဖို့လည်းလိုပါတယ်။ ဒါ့အပြင် အောင်မြင်သူများမှာ ယခုဖော်ပြမယ့် လက္ခဏာများကို ပိုင်ဆိုင်ထားကြပါတယ်။
တစိုက်မတ်မတ် လုပ်ဆောင်နိုင်စိတ်ရှိခြင်း
မိမိအစပြုခဲ့တဲ့လမ်းကို ပြီးဆုံးတဲ့အထိ လျှောက်လှမ်းတတ်ကြသူများက အောင်မြင်သူများပဲဖြစ်ပါတယ်။ လမ်းတစ်ဝက်မှာတင် လက်လျော့လိုက်မယ်ဆိုရင်တော့ အောင်မြင်မှုကို ရရှိနိုင်မှာမဟုတ်ပါဘူး။ ဒါ့ကြောင့် ကိစ္စတစ်ခုကို အစမပြုခင်ကတည်းက ဆုံးဖြတ်ချက်ခိုင်မာဖို့ လိုအပ်ပါတယ်။ ခုတစ်မျိုး၊ တော်ကြာတစ်မျိုး လုပ်လို့ မရပါဘူး။
အမြဲတမ်း လေ့လာသင်ယူလိုစိတ်ရှိခြင်း
အောင်မြင်သူတွေဆီမှာ သူတို့ရဲ့လေ့လာသင်ယူမှုက ဘယ်တော့ရပ်တန့်သွားတယ်ဆိုတာမရှိပါဘူး။ အချိန်ရှိသရွေ့မိမိရဲ့ပညာရပ်ကို ဆထက်တန်ဘိုး တိုးပွားလာအောင် လေ့လာသင်ယူနေပြီး အသစ် အသစ်သော ပညာရပ်များကို လေ့လာသင်ယူဖို့ ဝန်မလေးပါဘူး။
မိမိကိုယ်ကို စည်းကမ်းတင်းကြပ်ထားခြင်း
မိမိကိုယ်ကို အလိုလိုက်ခြင်းက ကျရှုံးခြင်းရဲ့အစပဲဖြစ်ပါတယ်။ ဘယ်လောက်ခက်ခဲတဲ့ အခြေအနေမျိုးနဲ့ ကြုံတွေ့နေရပါစေ အားမလျော့ဘဲ ကိုယ် လုပ်စရာရှိတာကိုပဲ တစိုက်မတ်မတ်လုပ်ဆောင်သွားလိုက်ပါ။ မိမိကိုယ်ကို စည်းကမ်းတင်းကြပ်ထားခြင်းအားဖြင့် အောင်မြင်မှုပန်းတိုင်ကို မြန်မြန်အရောက်လှမ်းနိုင်ပါတယ်။
မိမိကိုယ်ကို ကိုးစားခြင်း
အောင်မြင်သူများက ကိုယ် လုပ်မှ ကိုယ် ရမှာ ဆိုတဲ့ စိတ်ကို နှလုံးသွင်းထားကြပါတယ်။ မည်သူတစ်ဦးတစ်ယောက်အပေါ်မှာမှ မမှီခိုဘဲ မိမိ လုပ်စရာရှိတာများကို ကိုယ့်ဘာသာကို ကြိုးစားပြုလုပ်ကြပါတယ်။
စိတ်ရှုပ်မခံခြင်း
အလုပ်လုပ်ရလို့ ကုန်ဆုံးသွားတဲ့ အားအင်များကို ပြန်လည်ဖြည့်တင်းပေးဖို့အတွက်လည်း မမေ့လိုက်ပါနဲ့။ စိတ်ဖိစီးမှုများလာပြီး စိတ်ရှုပ်လာပြီဆိုရင် မိမိစိတ်ကိုလည်း ပြန်လည်အပန်းဖြေအနားယူလိုက်ပါ။ ဒါပေမဲ့ အချိန်ပြည့် အနားယူချင်စိတ်ကိုတော့ ချိုးနှိမ်ထားဖို့ လိုပါလိမ့်မယ်။
Source: Success.com