လူတစ်ယောက်နဲ့တစ်ယောက် အောင်မြင်ခြင်းကို အဓိပ္ပာယ်ဖွင့်ပုံခြင်း မတူညီကြပါဘူး။ အချို့ကတော့ ချမ်းချမ်းသာသာ ကြွယ်ကြွယ်ဝဝနဲ့ နေရခြင်းကို အောင်မြင်ခြင်းလို့ အဓိပ္ပာယ်ဖွင့်ပြီး အချို့ကလည်း ပျော်ပျော်ရွှင်ရွှင်နေရခြင်းကို အောင်မြင်မှုလို့ ဆိုကြပါတယ်။ တချို့ကလည်း ကျော်ကြားခြင်းကို အောင်မြင်တယ်လို့ ပြောကြပါတယ်။
သင်ရော ဘယ်လိုအရာမျိုးကိုအောင်မြင်ခြင်းလို့ အဓိပ္ပာယ်ဖွင့်ပါသလဲ။ အောင်မြင်ဖို့ရန်အတွက် ဘယ်လိုဝိသေသလက္ခဏာများ ပိုင်ဆိုင်ထားသင့်ပါသလဲ။
ဘယ်အရာကိုမဆို အကောင်းဆုံး လုပ်ဆောင်ခြင်း
ဘယ်အရာကိုမဆို အကောင်းဆုံး ပြုလုပ်တဲ့အခါ သင့်ရဲ့စိတ်ခံစားချက်လည်း ကောင်းမွန်ပြီး သင့်ရဲ့ကြိုးစားမှုကို သင်ကိုယ်တိုင် ကျေနပ်လာမှာဖြစ်ပြီး ကြိုးစားမှုအသီးအပွင့်ကိုလည်း ခံစားရပါလိမ့်မယ်။
လိုချင်သောအရာနှင့် လိုအပ်သောအရာကို ခွဲခြားသိမြင်နိုင်ခြင်း
Source: Utep.edu
သင့်တစ်လစာအတွက် လိုအပ်သာ အခြေခံလိုအပ်ချက်များ၊ စားဝတ်နေရေးကို လုံလောက်စွာ ဖြည့်ဆည်းနိုင်ခြင်းကလည်း အောင်မြင်ခြင်းပဲဖြစ်ပါတယ်။ ထိုအောင်မြင်မှုကို ရရှိနိုင်ဖို့အတွက် သင် ကိုယ်တိုင်ကလည်း ကိုယ့်စိတ်ကို အလိုမလိုက်ဘဲ လိုချင်သောအရာနှင့် လိုအပ်သောအရာကို ခွဲခြားသိမြင်ဖို့လိုအပ်ပါတယ်။
မိမိကိုယ်ကို ယုံကြည်မှုရှိခြင်း
လူတိုင်းမှာ မိမိကိုယ်ကို ယုံကြည်မှုရှိခြင်းဆိုသောအရာမှာ မွေးရာပါမဟုတ်ပါဘူး။ အချို့ကလည်း ငယ်စဉ်ကတည်းက မိမိကိုယ်ကို ယုံကြည်မှုရှိအောင် ပြုစုပျိုးထောင်ခံကြရပါတယ်။ ဒါပေမဲ့ ကြီးလာမှ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိအောင်လည်း ကြိုးစားယူနိုင်ပါတယ်။ မိမိလုပ်စရာရှိတဲ့အရာများကို လုပ်နိုင်တယ်လို့ တထစ်ချယုံကြည်ခြင်းအားဖြင့်လည်း အောင်မြင်မှုကို ဆွတ်ခူးရယူနိုင်ပါတယ်။
မိမိအလုပ်နှင့် ဝါသနာကို မျှခြေရှိအောင် ပြုလုပ်နိုင်ခြင်း
ဝါသနာအရင်းမခံတဲ့ အလုပ်က သင့်ကို စိတ်ဖိစီးမှုများစေပြီး အောင်မြင်မှုနဲ့လည်း အလှမ်းဝေးနိုင်ပါတယ်။ တကယ်လို့ သင်က သင့်အလုပ်မှာ ပျော်ရွှင်တယ်ဆိုရင်တော့ အကောင်းဆုံးပဲဖြစ်ပါတယ်။ တကယ်လို့ သင့်အလုပ်က သင် ဝါသနာမပါတဲ့ အလုပ်ဖြစ်နေတယ်ဆိုရင် အလုပ်အပေါ် စေတနာပါပါ လုပ်ပြီးနောက် ကိုယ့်ဝါသနာအတွက် သီးသန့်အချိန်ပေးဖို့ လိုပါတယ်။
မိမိရဲ့အကြောက်တရားကို ကျော်လွှားနိုင်ခြင်း
မိမိရဲ့အကြောက်တရားကို ကျော်လွှားနိုင်ခြင်းက အောင်မြင်ခြင်းရဲ့လမ်းစပဲဖြစ်ပါတယ်။ မိမိကြောက်သောအရာများကို တစ်ပတ်ကို တစ်ကြိမ်လောက် ကြိုးစားကာ ကျော်လွှားကြည့်ပါ။ တဖြည်းဖြည်းနဲ့ ကမ္ဘာပေါ်မှာ သင်ကြောက်တဲ့အရာ ရှိမှာမဟုတ်တော့ပါဘူး။
Source: Lifehack.org