ကျွန်တော်တို့တစ်တွေဟာ နေ့တိုင်းမှာ မျှော်လင့်ချက်တွေ ထားပြီး ရုန်းကန်နေကြသူတွေချည်း ဖြစ်ပါတယ်။ ဒါပေမယ့် ဘယ်နှစ်ယောက်များ အောင်မြင်တဲ့ဘဝ ၊ တစ်နည်းအားဖြင့် ကိုယ်မှန်းထားတဲ့ ပန်းတိုင်နဲ့ နီးသထက် နီးလာကြပြီလို့ ခံစားရမိသလဲလို့မေးရင် အတော်လေး ရာခိုင်နှုန်း နည်းကြမှာပါ။ ဘာကြောင့် အောင်မြင်မှုဆီ မရောက်နိုင်သေးတာလဲဆိုတာ အကြောင်း ရှိပါတယ်။
Source : Freepik
အောင်မြင်ချင်တယ်ဆိုတာ သိပ်ကျယ်ပြန့်တဲ့ Subject ပါ။ ဘာကို လိုချင်တာလဲ ၊ ဘယ်တော့လိုချင်တာလဲ ၊ အဲအတွက် ဘာတွေ လုပ်ဖို့လိုသလဲဆိုတဲ့ အာရုံပြတ်သားမှု မရှိရင် ဒီပန်းတိုင်ဟာ ဝေးသထက် ဝေးနေဦးမှာပါ။ ပန်းတိုင်တစ်ခုချင်းစီမှာ အာရုံစူးစိုက်မှု လိုပါတယ်။ဥပမာ ဝိတ်ချတဲ့သူတစ်ယောက်လို့ ကိုယ့်ကိုယ်ကို တွေးပါ။ ဘယ်နှစ်ပေါင် ကျချင်တာလဲ ၊ ဘယ်လောက် အချိန်ပေးပြီး ချမှာလဲ ၊ဘယ်လို လေ့ကျင့်ခန်း လုပ်ပြီး ဘယ်လို အစားအသောက်တွေ ဆောင်ရ / ရှောင်ရမလဲ ဒါတွေ သိမှ ဖြစ်မှာပါ။
လူအများစု ကျရှုံးကြတဲ့နေရာမှာ နားလည်နိုင်စွမ်းနည်းပါးခြင်းလည်း ပါပါတယ်။ အများစုဟာ ၎င်းတို့ရဲ့ စွမ်းရည်ကို ပိုပိုသာသာ တွက်ချက်ထားတတ်ပြီး ကြုံတွေ့လာနိုင်တဲ့အခက်အခဲကိုတော့ လျှော့တွက်ထားလေ့ရှိပါတယ်။ လုပ်ငန်းတစ်ခုကို လုပ်ဆောင်တော့မယ်ဆိုရင် အရာအားလုံးကို သိနားလည်ထားမှသာ ပန်းတိုင်ကို ရောက်ရှိနိုင်မှာဖြစ်ပါတယ်။
နောက်တစ်ခုက အစီအစဉ် မရှိခြင်းပါ။ အစီအစဉ်က အရေးကြီးဆုံးပါ။ ဘဝကို တစ်ဆင့်ချင်း တက်မယ့်သူဟာ သူ နင်းမယ့် လှေကားနဲ့ သူသွားမယ့် လမ်းကြောကို သိကို နေရမှာပါ။ စည်းကမ်းမရှိရင် အစီအစဉ်ကလည်း အလကားပါပဲ။ အစီအစဉ်ကို သင်က ချမှတ်ထားသူဖြစ်တာကြောင့် သင့်ရဲ့ အစီအစဉ်ကို သင်ကိုယ်တိုင် စည်းကမ်းရှိရှိနဲ့ လိုက်နာမှသာ အောင်မြင်မှာဖြစ်ပါတယ်။
Source : Freepik
သင့်အနေနဲ့ မနက်တိုင်းစောစော မထချင်ပေမယ့်လည်း ကျန်းမာရေးအတွက် ထပြီး အပြေးလေ့ကျင့်ရမယ်ဆိုတဲ့ သံမဏိစည်းကမ်း ကိုယ့်ဘာသာ ချမှတ်ထားမယ်ဆိုရင် မဖြစ်မနေကို အိပ်ရာထမှာဖြစ်ပါတယ်။ ပန်းတိုင်မရောက်မီ ကျရှုံးသူအများစုဟာ စည်းကမ်းလိုက်နာမှုမရှိတာကြောင့် လမ်းတဝက်မှာတင် ကျန်ရစ်ခဲ့သူတွေသာ ဖြစ်ကြပါတယ်။
အောင်မြင်မှုကို ငတ်ကို နေရမှာပါ။ ရေငတ်သလို ငတ်ပြီး အောင်မြင်မှုကို ဆာလောင်နေသူအတွက် အိုအေစစ်ဆိုတာ ရှိကို ရှိပါတယ်။