လူငယ်တစ်ယောက်ရဲ့ ဘဝမှာ ရင်ခုန်ဖို့အကောင်းဆုံးနဲ့ အပြောင်းအလဲသစ်တွေ အများဆုံး ကြုံခဲ့တဲ့ အချိန်ဟာ တက္ကသိုလ်ကျောင်းသားဘဝပဲ ဖြစ်ပါတယ်။ဘဝပုံစံမျိုးစုံနဲ့ မျက်နှာသစ်လူတွေကို မြင်ရသလို ၊ ကိုယ့်ကို အမြင့်ဆုံး ရောက်အောင် မြှင့်တင်မယ့် ပတ်ဝန်းကျင်အဝန်းအဝိုင်းထဲလည်း ရောက်လာပြီ ဖြစ်ပါတယ်။

တက္ကသိုလ်ကျောင်းသားဘဝဟာ ကာလတိုသလောက် အမှားများများ လုပ်မိတတ်တဲ့အချိန်လည်း ဖြစ်ပါတယ်။ အထူးသဖြင့်တော့ အခုပြောမယ့် အမှားတွေ ပိုလုပ်ဖြစ်တတ်ပါတယ်။တက္ကသိုလ် စတက်တဲ့ အချိန်ဟာ အရင်လို အမေအဖေရဲ့ ဆူပူသံကို နားထောင်စရာ မလိုတော့တဲ့ အရသာကို ပထမဆုံး မြည်းစမ်းကြည့်နိုင်တဲ့ အချိန်ပါ။ လွတ်လပ်မှုအနေနဲ့ ကောင်းပေမယ့် ဒီလွတ်လပ်မှုကို တန်ဖိုးရှိရှိ မသုံးတတ်ဘူးဆိုရင်တော့ စည်းကမ်းပျက်တဲ့ အကျင့်ပါ ပါသွားနိုင်ပါတယ်။

Group of students posing at table

Source : Shutterstock

ကျောင်းပြေးတာဟာ အထက်တန်းကျောင်းသားဘဝအထိ စွန့်စားခန်း တစ်ရပ်ပါ။ တက္ကသိုလ်မှာ ကျောင်းလစ်တာကတော့ မတူတော့ပါဘူး။ ပုံမှန်အတိုင်း အတန်းတက်ရင်း စာဖတ်ရင်း ဘဝအခွင့်အလမ်းကို ကျောင်းသားဘဝမှာ ရှာသင့်ပါတယ်။တက္ကသိုလ်မှာ သင်ကြားရတဲ့ ဘာသာရပ်တွေက အမျိုးအမယ်စုံပါတယ်။ ကိုယ်စိတ်ဝင်စားတဲ့ ဘာသာရပ်တွေ ရှိသလို ကိုယ်လုံးဝကို နားမလည်တဲ့အကြောင်းအရာတွေလည်း ရှိမှာပါ။ Lab ခန်းတွေမှာ ဘယ်က စကိုင်လိုက်ရမှန်း မသိတာတွေ အပြင် ကျောင်းသားဘဝ ငွေကြေးအခက်အခဲတွေကြောင့် စိတ်ဖိစီးမှုတွေလည်း ရှိနိုင်ပါတယ်။

ဒီပြဿနာတွေကို တစ်ယောက်တည်း ကြိတ်ဖြေရှင်းလို့မနိုင်ဘူးဆိုရင် သူငယ်ချင်းတွေကို အကူအညီတောင်းသင့်ပါတယ်။ ကိုယ့်လိုပဲ အခက်အခဲ ကြုံနေတဲ့ သူငယ်ချင်းကိုလည်း ကူညီတတ်ဖို့လိုပါတယ်။

တက္ကသိုလ်ဆိုတာ လူ့အသိုင်းအဝိုင်းငယ်တစ်ခုပါ။ ဒီထဲမှာ လူ့လောက အငယ်စားကို သင်ကြားလေ့ကျင့်ရတာ ဖြစ်ပါတယ်။ ကျောင်းမှာ အပေါင်းအသင်းဝင်ဆန့်ပြီး လူမှုဆက်ဆံရေး ကောင်းခြင်းဟာ ကျောင်းပြီးလို့ အလုပ်ဝင်မယ်ဆိုရင်လည်း လူမှုရေးညက်ညောသူဖြစ်လို့ အများကြီးပိုလွယ်ပါတယ်။ ကျောင်းမှာ လုပ်တဲ့ Fresher Welcome ပွဲ ၊ အားကစားနဲ့ လှုပ်ရှားမှုပွဲတော်တွေမှာ တတ်နိုင်သမျှ ပါဝင်ပါ။ ကျောင်းသားဘဝမှာ ရတဲ့ အခွင့်အရေးမျိုးဟာ နောင်တစ်ကြိမ် ပြန်ရဖို့ မသေချာတော့ပါဘူး။

Multiethnic group of young cheerful students walking

Source : Shutterstock

ကျောင်းစာလောက်ပဲ အာရုံစိုက်ပြီး ကျောင်းသားဘဝ အရသာ မခံစားခဲ့တာ အတော်ဆိုးပါတယ်။ သူငယ်ချင်းတွေနဲ့ ဝိုင်းဖွဲ့ပြီး ဂစ်တာလေးမှ မတီးခဲ့ရင် ၊ အနည်းဆုံး ကိုယ် Crush ခဲ့တဲ့ မိန်းကလေးကိုမှ ချစ်တဲ့အကြောင်း မပြောနိုင်ခဲ့ရင် အမှတ်တရမရှိခဲ့တဲ့ ကျောင်းသားဘဝဟာ ဆိုးဝါးလွန်းပါတယ်။

ဒါကြောင့် ကျောင်းသားဘဝမှာ ဘွဲ့ရဖို့လည်း ကြိုးစားရင်း လူမှုဆက်ဆံရေးကောင်းပြီး သူငယ်ချင်းကောင်းတွေ ရှာပေါင်းနိုင်ခဲ့ဖို့လည်း လိုပါတယ်။ အရေးကြီးဆုံးကတော့ နောင်တစ်ချိန်မှာ တက္ကသိုလ်ကျောင်းသားဘဝအကြောင်း ပြောကြတဲ့အချိန်မှာ ပြုံးပြုံးကြီးနဲ့ စကားတွေ တဖောင်ဖောင် ပြောစရာ ရှိနေဖို့ပါပဲ။