စွန့်ဦးတီထွင်တဲ့ အလုပ်အကိုင်ကို ပထမဆုံး စတင်လုပ်ကိုင်ဖူးသူ အတော်များများဟာ အခုပြောသွားမယ့် အမှားမျိုးကို တစ်ချိန်မဟုတ် တစ်ချိန် မှားဖူးကြမှာပါ။ ဒါကလည်း အောင်မြင်တဲ့ လုပ်ငန်းတစ်ခုကို သွားရာမှာ တက်ရတဲ့ ကျောင်းသင်ခန်းစာကောင်းတွေ ဖြစ်လို့ ဒီအမှားတွေကနေမှ သင်ယူပြီး လုပ်ငန်းတစ်ခုကို တည်ဆောက်နိုင်တာ သဘာဝလည်းကျပါတယ်။ ဒီအတွက် စွန့်ဦးတီထွင်လုပ်ငန်းထဲ စတင်ဝင်ရောက်သွားမယ့် လူငယ်လုပ်ငန်းရှင်များအတွက် သိထားသင့်တဲ့ အမှား (၅) မျိုးအကြောင်း တင်ပြလိုက်ပါတယ်။
(၁) လက်ငင်းချမ်းသာမယ် ထင်ထားတာ
Source: ShutterStock
စွန့်ဦးတီထွင်လုပ်ငန်းဟာ ရွှေတွင်းတူးသလို တစ်ချီတည်းနဲ့ ပွပေါက်တိုးမယ့်အလုပ်လို့ မြင်နေရင် မှားပါလိမ့်မယ်။ တစ်ခါတစ်လေ အချိန်အတော်ပေးပြီး အောင်မြင်မှုတည်ဆောက်ရတာမျိုး ရှိပါတယ်။ ဒီအတွက် စိတ်ရှည်မှုနဲ့ ကြံ့ကြံ့ခိုင်နိုင်စွမ်း လိုပါတယ်။
ကိုယ့်ရဲ့ လုပ်ငန်းခရီးစဉ် အရှည်ကြီးကို မစတင်ခင် ကိုယ့်စိတ်ကို ဘယ်လောက် အားထည့်ရထည့်ရ လုပ်မယ်လို့ စိတ်သွင်းထားဖို့ လိုပါတယ်။ အောင်မြင်တဲ့အထိ စိတ်ရှည်မယ်၊ ကြိုးစားနေမယ်ဆိုရင် အောင်မြင်နိုင်မှာ ဖြစ်ပါတယ်။
(၂) ပညာ မဖြည့်မိခြင်း
Source: ShutterStock
အမေရိကန် သမ္မတကြီး အေဗရာဟင်လင်ကွန်းက ပြောဖူးတယ်။”သစ်ပင်တစ်ပင် ခုတ်ဖို့ ၈ နာရီ အချိန်ယူရမယ်ဆိုရင် ကျနော့် ပုဆိန်ကို သွေးဖို့ ၆ နာရီ အချိန်ယူတယ်”တဲ့။ အရေးကြီးတဲ့ အရာတွေကို လုပ်တော့မယ်ဆိုရင် ကိုယ့်စွမ်းရည်ကို မြှင့်တင်ဖို့အတွက် အချိန်ပိုယူရမယ်လို့ သမ္မတကြီးက အကြံပြုတာ ဖြစ်ပါတယ်။
ပိုက်ဆံရဖို့ပဲ လိုက်ရင်းနဲ့ လိုအပ်တဲ့ အသိပညာမရှာမိတာဟာ တကယ့်အမှားပါ။ တစ်ချိန်မှာ ဒါကို အရေးတကြီး လိုအပ်လာတယ်ဆိုတာ တွေ့ရမှာပါ။ ဘဝမှာ တစ်ချို့အရေးကြီးတဲ့ ကိစ္စတွေမှာ ရင်းနှီးမြှပ်နှံဖို့ မမေ့သင့်ပါဘူး။
(၃) အလုပ်အစွဲသန်လွန်းခြင်း
Source: ShutterStock
အလုပ်ကို ဘဝနှစ်ပြီး လုပ်တာဟာ အောင်မြင်ကြောင်းဖြစ်ပေမယ့် အလုပ်ကြောင့် မိတ်ဟောင်းဆွေဟောင်းတွေနဲ့ မတွေ့နိုင် မဆုံနိုင်အောင် ဖြစ်တာကတော့ တကယ်မကောင်းတဲ့ ကိစ္စဖြစ်ပါတယ်။ အထူးသဖြင့် စွန့်ဦးတီထွင်လုပ်ငန်း လုပ်ကိုင်သူတွေဟာ သူတို့ရဲ့ ရည်မှန်းချက်ပန်းတိုင်ကို ရောက်ရှိဖို့သွားရာမှာ အလုပ်ပြီး အလုပ်လုပ်နေဖို့ လိုတယ်လို့ ထင်နေကြပါတယ်။
ဒီလိုနဲ့ အလုပ်ကို အလွန်အကျွံ တွန်းလုပ်ရင် ချက်ချင်းအောင်မြင်လာမယ် ထင်ပေမယ့် ချက်ချင်း မအောင်မြင်တာတွေ ကြုံလာတဲ့အခါ စိတ်ပျက်လက်ပျက် ဖြစ်သွားနိုင်ပါတယ်။ ဒါ့အပြင် ဒီလိုမျိုး တစ်ယောက်တည်း အလုပ်ကို ကျုံးလုပ်ရင်းနဲ့ ဘဝဟာ တစ်ယောက်တည်း ဖြစ်လာတတ်ပါတယ်။ ဒီလိုဖြစ်လာရင် အလုပ်ကိုပဲ အစွဲကြီးကြီး လုပ်နေတာကို ရပ်လိုက်ပြီး ကိုယ့်ရဲ့ နေ့စဉ်ဇယားကို ပိုပြီး အလုပ်တွင်စေမယ့် နည်းလမ်းသစ် ထွင်သင့်ပါတယ်။
(၄) အမှားတစ်ခုထဲမှာ တဝဲလည်လည်ဖြစ်ခြင်း
Source: ShutterStock
အောင်မြင်မှုအတွက် အောင်ပွဲခံတာ ကောင်းပါတယ်။ ဒါထက် အရေးကြီးတာက မှားခဲ့တဲ့ အမှားအယွင်းတွေကနေ သင်ခန်းစာယူတာက ပိုအရေးပါတယ်လို့ ဘီလ်ဂိတ်စ်က ပြောဖူးပါတယ်။ တူညီတဲ့ အမှားတွေကိုပဲ ထပ်တလဲလဲ လုပ်နေမိတာဟာ ခေါင်းမာတဲ့ အကျင့်တစ်ခု ဖြစ်ပါတယ်။ အောင်မြင်ချင်တယ်ဆိုရင် ဒါကို ပြင်သင့်ပါတယ်။
ဒီလိုမျိုး အမှားထဲမှာပဲ တဝဲလည်လည် ဖြစ်နေပြီဆိုရင် အမှားကို ခြေနင်းတုံးတစ်တုံးလို သဘောထားပြီး လေ့လာလိုက်ပါ။ ပြီးတာနဲ့ ကိုယ့်အတွက် ဉာဏ်ပညာနဲ့ အသိတရားတိုးလာစေမယ့် အခွင့်အလမ်းကို တည်ဆောက်လိုက်ပါ။
(၅) အိပ်မက်တွေ များလွန်းခြင်း
Source: ShutterStock
ဒီအချက်က လူတွေကို အာရုံစူးစိုက်မှုနဲ့ တိကျသေချာမှု မရှိစေတဲ့ အဓိက အကြောင်းရင်းဖြစ်ပါတယ်။ တစ်ခါတစ်လေ ကိုယ်ဖြစ်ချင်တာတွေကို အကောင်အထည်ဖော်ရာမှာ ပန်းတိုင်တွေက တစ်ခုစီ ပြန့်ကြဲနေချိန် အားလုံးကို တစ်ခါတည်းနဲ့ အာရုံစိုက်ဖို့ ကြိုးပမ်းရင်း ဘာကိုမှ ဒေါင်းတည်မောင်းတည် မဆုပ်မိတာတွေ ရှိလာပါတယ်။
ဒီတော့ ကိုယ်လုပ်ချင်တဲ့စိတ်ကူးယဉ် အိပ်မက်ကြီးကို သူ့ဟာနဲ့သူ အဆင်သင့်ဖြစ်အောင် အကန့်သေးသေးလေးတွေ၊ ပန်းတိုင်ငယ်လေးတွေ ခွဲထားဖို့ လိုပါတယ်။ ဒါ့အပြင် ပန်းတိုင်တွေကို အလွယ်ကလေးနဲ့ရနိုင်အောင် အပိုင်းလိုက်ကန့်ထားမယ်ဆိုရင် အိပ်မက်တွေကို အကောင်အထည်ဖော်ရာမှာ အာရုံစိုက်လို့လည်း လွယ်သွားမှာ ဖြစ်ပါတယ်။