ဒီဘက်ခေတ်မှာ Meditation လို့ ခေါ်တဲ့ တရားထိုင်ခြင်းဟာ ဘာသာရေးကိစ္စထက် ကျော်လွန်ပြီး လက်တွေ့အသုံးချ အကျိုးများတဲ့ အလေ့အထတစ်ခု ဖြစ်လာပါပြီ။ ပင်ပန်းနွမ်းနယ်လာရင် ၊ စိတ်ဓါတ်ကျဆင်းနေပြီး ဘာကိုမှ စုစည်းလို့ မရဖြစ်နေရင် ပုံမှန် တရားထိုင်ကြည့်ဖို့ စိတ်ပညာဆိုင်ရာ ကျွမ်းကျင်သူတွေက အကြံပြုလာကြပြီ ဖြစ်ပါတယ်။
နေ့စဉ် မနက်ဘက်လို တိတ်ဆိတ်တဲ့အချိန်မျိုးမှာ ပုံမှန် Morning Meditation လေး လုပ်ပေးခြင်းအားဖြင့် တစ်နေ့တာလုံး တက်ကြွရွှင်လန်းပြီး စိတ်ခွန်အားအပြည့်နဲ့ နေထိုင်နိုင်မှာပါ။
တရားထိုင်နည်းအားလုံးဟာ စိတ်ဖိစီးမှု ၊ စိတ်ဓါတ်ကျမှု ၊ စိတ်ရှုပ်ထွေးမှု နဲ့ နာကျင်မှုတွေကို လျော့ပါးစေပြီး စိတ်ဓါတ်အင်အားတိုးကာ အာရုံစိုက်နိုင်စွမ်းကို မြှင်တင်ပေးနိုင်တာ အမှန်ပါပဲ။ ဒီထဲကမှ ကိုယ်စွမ်းအင် စိတ်စွမ်းအင်တက်လာစေဖို့ အကောင်းဆုံး မနက်ခင်းတရားထိုင်မှုပုံစံ ၃ မျိုးကို ထုတ်နှုတ်ဖော်ပြလိုက်ရပါတယ်။
(၁) လမ်းလျှောက်တရားမှတ်နည်း

Photo: mindworks
Walking Meditation လို့ ခေါ်တဲ့ လမ်းလျှောက်တရားရှုမှတ်မှုဟာ ကိုယ်ကာယလှုပ်ရှားမှုနဲ့ စိတ်အစဉ်စောင့်ကြည့်မှုတို့ ပေါင်းစပ်ထားတဲ့ နည်းလမ်းဖြစ်ပါတယ်။ Walking Meditation လုပ်မယ်ဆိုရင် ခြေလှမ်းဖြည်းဖြည်းနဲ့ သတိပါပါ လှမ်းရပါတယ်။ အဲ့လို လှမ်းနေချိန်မှာ နှာခေါင်းက လေရှုသွင်းတာကို ခပ်ဖြည်းဖြည်းနဲ့ ရှုပြီး လှမ်းတဲ့ ခြေလှမ်းအရေအတွက်ကို မှတ်သားရေတွက်သွားရတာ ဖြစ်ပါတယ်။ အသက်ရှု/သွင်း လုပ်တိုင်း ခြေလှမ်းတစ်ခုချင်းဆီ မှတ်သားရတာပါ။
(၂) ရေချိုးတရားမှတ်နည်း

Photo: CampusWell
တရားထိုင်နည်းတွေထဲမှာ ရေချိုးရင်း တရားမှတ်တဲ့ ဒီနည်းက အလွယ်ဆုံးဖြစ်ပါလိမ့်မယ်။ Shower Meditation လုပ်ရတာကလည်း လွယ်သလောက် ထိရောက်မှုရှိပါတယ်။ Shower Meditation လုပ်နေချိန်မှာ ရေချိုးခန်းအပြင်ပမှာ ငြိမ်းညောင်းတဲ့ Instrumental Music လိုမျိုး တူရိယာတီးလုံးသံတစ်ခုခု ဖွင့်ထားသင့်ပါတယ်။ ရေပန်းအောက်မှာ တစ်ကိုယ်လုံး ဝင်နေချိန်မှာ ရေရဲ့ အထိအတွေ့ကို အာရုံစိုက်ပြီး ကိုယ်ခန္ဓာမှာ ဖြစ်ပေါ်သွားတဲ့ အပြောင်းအလဲတွေကို ခံစားပါ။ ရေက သင့်ရဲ့ စိတ်ဖိစီးမှုတွေ ၊ မွန်းကြပ်ပိတ်လှောင်မှုနဲ့ သောကတွေကို တိုက်စားသွားပြီလို့ အာရုံပြုထားပါ။
(၃) ဥုမ် မန္တန်နည်း

Photo: mindworks
ဘာသာရေးဆိုင်ရာ မန္တန်တစ်ခုအဖြစ် လူသိများတဲ့ ဥုမ်ကိုလည်း စိတ်ခံစားမှုနဲ့ နိုးကြားနိုင်စွမ်းကို နှိုးဆွဖို့အရေးမှာ အသုံးချလို့ ရပါတယ်။ ဥုမ်ဟာ ထူးခြားတဲ့ အသံဖြစ်ပါတယ်။ ဒီအသံကို ကျယ်ကျယ်ဆိုရရင် ၁၃၆.၁ ဟာ့ဇ်နှုန်းနဲ့ တုန်ခါပါတယ်။ ကြိမ်နှုန်းအားဖြင့် သဘာဝထဲမှာ ရှိတဲ့ အရာအားလုံးနဲ့ ကြိမ်နှုန်းအတူတူပါပဲ။ ဥုမ် (OM/A-U-M) ကို အလေးအနက် စိတ်စူးစိုက်ပြီး ရွတ်ခြင်းအားဖြင့် စိတ်ငြိမ်သက်မှုနဲ့ စွမ်းအင်ကို မြှင့်တင်ပေးနိုင်စွမ်းရှိပါတယ်။
ဥုမ်မန္တန်ရွတ်မယ်ဆိုရင် ပုံမှန် အသက်ရှု/သွင်း လုပ်ပြီး ဥုမ်ကို နာရီဝက်လောက် ရွတ်တာမျိုး လုပ်နိုင်ပါတယ်။ တချို့ကတော့ ဥုမ်ကို အရေအတွက်များများနဲ့ စိတ်ပိုစူးစိုက်နိုင်စေဖို့ ၁၀၈ လုံးပုတီးကုံးမျိုး သုံးနိုင်ပါတယ်။ တစ်မနက်ကို ၃ ပတ်လောက် ဥုမ်မန္တာန် ပုတီးစိတ်တာ ၊ ရွတ်တာမျိုး လုပ်ရုံနဲ့တင် အတွေးသစ်တွေ ပွင့်လင်းပြီး စိတ်စွမ်းအင်နဲ့ သမာဓိတွေ ပိုမြင့်မားလာမှာပါ။
